Saturday, February 12, 2011

Union Day Memories

ပြည်ထောင်စုနေ့ ရောက်​ပြီ​ဆို​တော့ တစ်​ခု⁠ခု​တော့ ရေး​ချင်​သေး​တယ်။ အရင်​နှစ်​တွေ​က ပင်​လုံ​စာချုပ်၊ ဖက်​ဒရယ်​ပြည်ထောင်​စု ကိစ္စ​တွေ​တော့ ပြော​ပြီး​ပြီ​ဆို​တော့ ဒါ​တွေ ရေး​ချင်​စိတ်​လည်း မ​ရှိ​တော့​ဘူး။



သိတယ်မဟုတ်လား ဒီ​အစိုးရ​အကြောင်း။ ပြော​ရ​ရင်​တော့ ဟိုး​မ​ဆ​လ​ခေတ်​က​နေ အခု န​အဖ အထိ သူ​တို့ အမူအကျင့်​တွေ​ကတော့ ဘာ​မှ မ​ပြောင်း​ဘူး အဲ့​လို အူ​ကြောင်ကြောင် formality တွေ အမြဲ​လုပ် အမြဲ ပြော​နေ​တုန်း​ပဲ။ အဲ့​ဒီ မ​ဆ​လ​ခေတ် ပြည်ထောင်​စု​နေ့ အကြောင်း​ပြော​ပြ​မယ်။



မဆလ ခေတ်​က​ဆို​တော့ ကျွန်တော်​ကတော့ ကလေး​ပဲ​ရှိ​သေး​တယ်။ မှတ်မိ​တာ​က ပြည်ထောင်​စု​နေ့​ဆို​ရင် အလံ​ကြို​ရ​တာ​ပဲ။ ရန်ကုန် မြို့တော်​ခန်းမ​က​နေ တတောင်​လောက်​ကြီး​တဲ့ အလံ​သေး⁠သေး​လေး​ကို တစ်​နိုင်ငံ​လုံး​ကို လက်ဆင့်ကမ်း​သယ်​တာ။ အဲ့​ဒါ​ကို တစ်​နိုင်ငံ​လုံး​က ကျောင်း​တွေ က​လမ်း​ဘေး​တ​လျှောက်​က စောင့်​ကြို​ရ​တာ။ သယ်​တာ​လည်း တခမ်းတနား။ အလံ​သယ်​တဲ့ လူ​က​တ​ယောက် နောက်​မှာ တစ်​ဘက် ခု​နှစ်​ယောက်​လား​မ​သိ​ဘူး ရံ​ပြီး​လိုက်​ပြေး​တာ။ ပြေး​တဲ့​ပုံ​က​အစ လေ့ကျင့်​ထား​ကြ​တာ။ လှုပ်​စိ လှုပ်​စိ​လေး ပြေး​ရ​တာ။ လက်ဆင့်ကမ်း​တာ​ဆို​လည်း လေ့ကျင့်​ထား​ကြ​တာ​ပဲ။ ကြား​ဖူး​တာ​တော့-- လွတ်​ကျ​ရင် ဒါ​မှ​မဟုတ် ပြေး​နေ​တုန်း ခလုတ်​တိုက် လဲ​ရင် ထောင်ချ​မှာ​ဆို​လား ပြော​ကြ​တာ​ပဲ။ အဲ့​ဒါ သယ်​တာ​ကို ဌာန​ဆိုင်​ရာ​တွေ​က တာဝန်​ယူ​ရ​တာ။ ကျောင်းဆရာ​တွေ​ဆို ကျောင်း​ဝတ်​စုံ​နဲ့ နာစ်​မ​တွေ​ဆို​ရင် နာစ်​ဝတ်​စုံ​နဲ့ ၊ စင်​မြင့်ပေါ် တက်​ခါ​နီး​မျိုး​ဆို​ရင် တိုင်း​ရင်း​သား​ပေါင်း​စုံ ခြံရံ​လို့ စ​သည်​ဖြင့် စ​သည်​ဖြင့်။ ရှုတ်​နေ​တာ​ပဲ။



ကျွန်တော်တို့ကျောင်းသားတွေမှာလည်း အဲ့​ဒါ​ကြို​ဖို့ မ​လိုက်​မ​နေ​ရ လိုက်​သွား​ရ​တာ။ အစောကြီး​သွား လမ်း​ဘေး​မှာ အကြာ​ကြီး​စောင့်။ လာ​ပြီ​ဆို လက်ခုပ်တီး။ တော်တော် အူ​ကြောင်ကြောင်​နိုင်​တယ်။ ကျွန်တော်​တို့ ကလေး​တွေ​ကြားမှာ​တော့ ထင်မြင်​ချက်​တွေ ယုံတမ်း​စကား​တွေ ပြော​ကြ​တာ-- အဲ့​ဒီ​အလံ​ရဲ့ တိုင်​ထဲ​မှာ ပင်​လုံ​စာချုပ် ရှိ​တယ်​တဲ့။ အလံ​လေး​က​လည်း အချာ​ပင်​တော့​မဟုတ်​ဘူး မြန်​မာ့ ပထမ​ဆုံး အလံ​ဆို​လား။ အမြဲ​သစ်​နေ​တော့... အင်း... ဟုတ်​ပါ​ဘူး​ကွာ... ဘာ​ညာ​ပေါ့။ ရေ​လည် လည်း​ထူးဆန်း​တာ​ကိုး။ တ​ခု⁠ခု​တော့ တ​ခု⁠ခု​ပဲ​လို့ ထင်​တာ​ပေါ့။



တခြားမြို့တွေမှာတော့ မ​သိ​ဘူး၊ မန္တလေး​မှာ​ဆို​ရင် မုတ်​ဦးကြီး​တွေ တစ်​ပြ တစ်​ခု​စီ​လောက် ဆောက်​သေး​တယ်။ ပြည်ထောင်​စု အလံတော်​ကို ကြိုဆို​ပါ​၏ ဆို​ပြီး​တော့။ အဲ​ဒါ​ကို မန္တလေးတိုင်း​ထဲ​က မြို့​နယ်​တိုင်း​က တစ်​ခု​စီ​ဆောက်​ပေး​ရ​တာ။ အလှ​ဆုံး​မုတ်​ဦး​ကို ဆုပေး​တယ်။ အပြိုင်​အဆိုင်​လည်း လှ​အောင် ဒီ​ဇိုင်း​အမျိုး​မျိုး ထွင်​ပြီး​လုပ်​ကြ မီး​အလှ​တွေ​ဆင်​ကြ​ဆို​တော့ ည​ဘက်​ဆို လှ​တဲ့ မုတ်​ဦး​ရှေ့ ဓာတ်​ပုံ​တွေ ရိုက်​ကြ​တာ အဲ့​ဒီ​ခေတ်​က ကင်​မ​ရာ​မင်း​တွေ​များ အလုပ်​ကို​ဖြစ်​လို့။



ဒီလောက်ပါပဲ။ အဲ့​ဒီ ပေါ​ကြောင်ကြောင် အကျိုး​မဲ့ ၊ လူ​တွေ​ပင်ပန်း၊ budget တွေ​ဖြုန်း၊ လုပ်​ခဲ့​တဲ့ အကြောင်း နှောင်း​လူ​တို့​ကို ကြား​ဖူး​အောင် ရေး​လိုက်​တာ။