Saturday, March 28, 2020

Confirmed cases (၂၈-၃-၂၀၂၀) Myanmar

Confirmed cases :(
Source: Ministry of Health and Sports, Myanmar

***
***သတင်းထုတ်ပြန်ခြင်း (၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ***

14 ။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

11-13 ။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။

*** သတင်းထုတ်ပြန်ခြင်း (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ ***

10 ။ ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ပါသည်။

9 ။ ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုသူမှာ (၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။
-----------------------------------------------

***သတင်းထုတ်ပြန်ခြင်း (၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ ***

8။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(၂၆-၃-၂၀၂၀)ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိပါသည်။ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
---------------------------------------

7။ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။
---------------------------------------

6။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
---------------------------------------
*** သတင်းထုတ်ပြန်ခြင်း (၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ် ***

(05) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

---------------------------------------
(04) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

- အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

---------------------------------------
*** သတင်းထုတ်ပြန်ခြင်း (၂၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၁:၀၀) နာရီ ***
3 ။ အင်္ဂလန်နိုင်ငံမှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် (၂၃-၃-၂၀၂၀) ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ပါသည်။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၄-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ (၂၄-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ (ဇယား - ၁)
---------------------------------------
***သတင်းထုတ်ပြန်ခြင်း (၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ***

2 ။ အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

-------------------------------------
1 ။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။