Tuesday, June 11, 2019

အချိန်မရှိဘူး

originally written on March 23, 2019 ·
အချိန်မရှိဘူး။ ဟုတ်တယ်။ အချိန်မရှိဘူး။ အလုပ်တွေ ရှိသေးတယ်။ ရုံးအလုပ်တွေ။ နောက်ပြီး အိမ်အတွက် အလုပ်တွေ။ နောက် အလုပ် email တစ်ခု လား၊ ထားလိုက်အုံးကွာ။ fb ခဏဖွင့်။ ခေတ်ပြောင်းတော်လှန်ရေး ဆိုတာ ဆိုရှယ်လစ်စကား။ သယ်ရင်းတွေတော့ လည်နိုင်ကြတယ်။ အပန်းဖြေခရီး ဓါတ်ပုံတွေတင်ကြပြုကြ ဆိုတော့။ အင်းပါလေ ခေတ်က တိုးတက်လာတာကိုး။ ဖုန်းအသစ် ထွက်ပြန်ပြီ ခင်မျ။ နည်းပညာ တိုးတက်တာ မြန်လိုက်တာ။ ဖုန်းကို စိတ်ထဲကတောင် ထိန်းချုပ်လို့ ရမှာဆိုလားပဲ။ ဝေါင်း... ရေလည်မိုက်တယ်။ စျေးကတော့ ကြီးမှာပါပဲ။ စိတ်ထဲကနေ နင်ငါ့ကို လွမ်းလားလို့ မေးချင်တယ်။ နာမည်ခေါ်ပြီးတော့ တော့ မပြောတော့ဘူး။ ပြင်ပြောရပါမယ် tag မတွဲတော့ဘူးလို့။ အချစ်အကြောင်း မပြောချင်ဘူး ဆိုတော့ရော နိုင်ငံရေးတွေ ရှုတ်ထွေးတဲ့ နိုင်ငံမှာ သတင်းတွေကလည်း ရှုတ်ထွေးတယ်။ အတွေးတွေကလည်း ရှုတ်ထွေးတယ်။ aesthetic အတွေးခေါ် ကလည်း ခမ်းခြောက်လာသလို။ နောက်ထပ် ဆယ်မိနစ်လောက်တောင် အချိန်ပို မရှိဘူးလား။ အိပ်ငိုက်လွန်းလို့ပါ။ နောက်ဆုံးတော့ msn တွေ yahoo messenger တွေ လည်း ခေတ်ကုန်သွားတာပဲ။ ဘာမှမဆိုင်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်။ ပုစ္ဆာတွေ ဖြေရှင်းရမယ်။ တွက်တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ။


Saturday, May 11, 2019

မာရု - တိုင်းပြည်

တိုင်းပြည်
၊၁၊
အရှေ့တောင်အာရှ ရဲ့ အညိုရောင်ညနေခင်းမှာပေါ့ .... ဧရာဝတီဟာ သူ အိန္ဒြေကို ပြသရင်း အသံမဲ့ စီးဆင်းလို့ ..... အဲသလို ၊ အမှောင်ရောင်တွေထဲ မြို့ပျက်ကြီး ပုဂံဟာလဲ သင်္ခါရ အခင်းအကျင်းတွေကိုပြသလို့ .. တိုင်းပြည်ဟာ တစ်မိုးချုပ်ဖို့ ပြင်ဆင်ပြီ ..။
တိုင်းပြည်ဟာ .... ဒီညနေညိုညိုမှာ သူ ဆံပင်အိုတွေကို ဖားလျားချ သူ ခန္ဓာ ကိုယ်ပေါ်က ခေတ်ဆိုးတွေ ရေးထိုးသွားတဲ့ ဆေးမင်ကြောင် အမာရွတ်တွေကို ပွတ်သပ်ရင်း သူဆိုနေကျ အလွမ်းသီချင်းကို ဘယ်သူမှမကြားအောင် ဆိုလိုက်တယ် ...။
တိုင်းပြည်ဟာ ... သူ ချွေးခံအကျိဟောင်းကြီးထဲ ဝမ်းနည်းဖွယ်ရနံတွေနဲ့ တွန်.တွန့်ကျေ ရာဇဝင်တွေကို လူမြင်မခံရဲတာမို. သက်ပြင်းတွေချလို့။ နေတဓူဝ ••••
တိုင်းပြည်ဟာ ... ဘဝ တလျှောက်လုံး ခပ်ညံ့ညံ့ အစိုးရတွေနဲ့ သာ အလိုမတူဘဲ ပေါင်းဖက်ခဲ့ရသမို့ ခပ်ညံ့ညံ့တိုင်းပြည်လို့ အခေါ်ခံရတာကို ရှက်ပေမယ့်လည်း သူ့ခမျာ မရှက်နိုင်တော့ဘူးတဲ့ ...။


တိုင်းပြည်ဟာ ..။ အာရှမှာ ကျားတွေ တစ်ကောင်ပြီးတစ်ကောင် ပေါက်ဖွားကြီးမားလာခဲ့ပေမယ့်၊ သူ မှာက ... ။ ခွေးအဆင် သာသာ ရှိတာမို. တစ်ပါးတိုင်းသားတို့ သူ့မြေပေါ် အလည်လာတဲ့အခါ မျက်နှာကို ဝှက်ပြီး အိပ်ချင်ယောင် ဆောင်ရသတဲ့ ...။
တိုင်းပြည်ဟာ ... လ ကမ္ဘာပေါ်ကို ခဏခဏ တက်တဲ့တိုင်းပြည်လို မထင်ပေါ်ချင်ပေမယ့် ပြဿနာတွေ ခဏခဏ တက်တဲ့တိုင်း ပြည်လို့
ကျော်စောမှာတော့ ရှက်လှသတဲ့ ......။
တိုင်းပြည်ဟာ .. မွေးကာစကတဲက မွေးရာပါအလှတွေနဲ့ ပြီးပြည့်စုံပါရက်ကနဲ့ ဒီလူတွေလုပ်ကာမှ နဂို ရှိသော်လဲ၊ နဂိုင်း မထွက်ရရှာလို့ ဝဋ်နာကံနာ လို ဘဲ မှတ်ယူထားပါသတဲ့ ....
တိုင်းပြည်ဟာ ...။ အကျဉ်းစခန်း တွေထဲ အစိုးရ လုပ်မယ့်သူတွေကို ထောင်ချပြီး ... ထောင်ကျရမယ့်သူတွေက အစိုးရ လုပ်နေကြတာကိုလဲ နည်းနည်းမှ မကျေနပ်ဘူးတဲ့ .....။


တိုင်းပြည်ဟာ ... မြန်မြန် သေရမယ့် သူတွေက ကြာကြာ နေရပြီး ... ကြာကြာ နေရမယ့် သူတွေက မြန်မြန် သေနေကြတာလည်း နားမလည်နိုင်ဘူးတဲ့...။
တိုင်းပြည်ဟာ ... သူရင်ဘတ်လက်ပွေ့အိတ်ထဲက အတွင်းကြေကြေ နေတဲ့ ကလေးတွေရဲ့ အနာဂတ်ကို လူတွေ့တိုင်း ထုတ်ထုတ်ပြ၊ ဒီလူတွေ ကိုယ်၌က တဘဝလုံး ကြေမွနေတော့ကာ သူခမျာ ငိုရသတဲ့ .....။
ဒီလိုနဲ့ တိုင်းပြည်ဟာ အခု တလော ရင်တမောမော နဲ. အဝေးပျံ ခွပ်ဒေါင်းတို့ရဲ့
အောင်ပွဲသံကို နားစွင့်ရင်း သပြေခင်းလေး ပျိုးထားသတဲ့ ......။
ဒီလိုနဲ့ ..... တိုင်းပြည်ဟာ အိုမင်းလွန်း လှပေါ့ .........။ ။


၊ ၂၊
မြန်မာပြည်မှာက ငှက်ဖျား ပေါတယ် ...။
ခွေးလေ ခွေးလွင့် သူတောင်းစား နဲ့ ဆင်းရဲသား ပေါတယ် ....။ ခြင် ယင်ကောင်
သူခိုး နဲ့ အလှုခံလည်း ပေါတယ် ....။ ဘုန်းကြီး စစ်သား ဘိန်းသမား နဲ့ ကပ်ဖား ယပ်ဖား အချောင်သမားလဲပေါ .... အရည်အချင်း မရှိဘဲ ခေါင်းဆောင် လုပ်ချင်သူလဲပေါ ...။
မရယ်ရတဲ့ လူပျက်တွေနဲ့ အသုံးမကျတဲ့ အကယ်ဒမီ တွေလဲပေါ .. ခါတော်မှီ ကော်ပီ သီချင်းတွေနဲ့
ထောက်လှမ်းရေး တွေလဲပါတယ်ပေါ့ .......။
ဒီမိုကရေစီသမား တွေပေါသလို ကြံ့ဖွတ်တွေလဲပေါ... ဗိုလ်ချုပ်ကြီးတွေ ပေါသလို ထောင်သားတွေလဲ ပေါတယ်ပေါ့ ...။
ဆေး အတု ဆီ အတု ရွေးကောက်ပွဲ အတု အမဲခြောက် အတုနဲ. နိုင်ငံရေးသမား အတုတွေလဲပေါ ...။
ဥပဒေ အတု အစိုးရ အတု ပညာတတ် အတုနဲ့ ရဲရဲတောက် အတုတွေလဲပေါ•••
တကယ်တော့ မြန်မာပြည်ဆိုတာ ... လူ့ အခွင့် အရေး ရှားပါးလွန်းတာကလွဲလို့ ကျန်တာတွေအကုန်ပေါတဲ့ အရပ်ဆိုပါတော့ .......။


၊၃၊
ဆင်းရဲခြင်း သမုဒ္ဒရာရဲ့ ကြမ်းပြင်အောက် ရာဇဝင်မတွင်တဲ့ သင်္ဘောပျက်တွေထဲ သံချေးတက် ယဉ်ကျေးမှုများ နဲ့ သောင်တင် ငုပ်လျှိုးနေသူများရဲ့ ဘဝဟာ အသံမမြည်တဲ့ အိပ်မက်တွေနဲ့ . ပုပ်ပွ ...
ဖြစ်ရပုံက... ဒီနိုင်ငံငယ်လေးထဲ ကုလို့ သလို့ မရတဲ့ နိုင်ငံရေးရောဂါတွေကထူပြော ခေတ်အဆက်ဆက် ခပ်ချာချာဒဏ္ဍာရီ တွေနဲ့ ရင်ခုံ လူညံ့ တွေသာစုပြုံ လာခဲ့ တယ် ....။
ဒီအရပ်မှာ ပေါ့ .. အုပ်ချုပ်သူ ဆိုတာ ဖိနှိပ်သူလို့ အဓိပ္ပါယ်ရသတဲ့ ... ဖိနှိပ်သူ ဆိုတာကို ရက်စက်သူလို့ တော့ ဘာသာမပြန်လိုက်ကြနဲ့ မွေးရာပါ ယုတ်မာသူများသာ ဖြစ်ကြလေတယ် ..။
လူယုတ်မာတွေလေ .. တဗိုလ်ကျ တဗိုလ်တက်နဲ့ တိုင်းပြည်ကို နှိပ်စက်လာ ပညာမဲ သူတို. ပွားများ ဆင်းရဲခြင်းတို့ ကြွယ်ဝခမ်းနား အဓမ္မတရား ထွန်းကားရာ အန္တရာယ်တရား. ကြွထရာ အမှားတရားသာ အမှန်ဖြစ်ရာ ကံကြမ္မာတို့ မြုံအ ရာ ဒီအရပ်ဟာလေ .. စုတ်ပြတ်သပ်ခဲ့ ပေါ့ ...
ဒီလိုနဲ့ ... အမှည့် လွန် နေ တဲ့ ခေတ် တွေ ဟာ
ဆောင်း ဦး ပေါက်ရာသီလို ဒို့ဆီကို အရောက်နောက်ကျခဲ့ ဒီလိုနဲ့ ... ဒုက္ခဆိုတဲ့ မာကျောကျော အမွေတွေနဲ့
တော်လှန်ရေးကို ထုဆစ်ခဲ့ ရံဖန် ရံခါ ... ။
မာရု
(ပန်းစကား)


Wednesday, April 10, 2019

ဘဝကြီးပဲ ဖျားနေလား

Actually written on September 2, 2018 ·
ပဋိဇီဝဆေးတွေ တစ်လုံးပြီး တစ်လုံး
ကမ္ဘာကြီးပဲ ဖျားနေလား ဘဝကြီးပဲ ဖျားနေလား မသဲကွဲဘူး
ပိုးမွှားတွေနဲ့ နေ့ရက်တွေ တဆစ်ဆစ် လှိုက်စားသွားတဲ့ အခါ
ကမ္ဘာ့ဒြပ်ဆွဲအားကပဲ ယိုင်လာနေသလို ဘဝကြီးကပဲ ယိုင်လာနေသလိုပဲ
ဟိုး... အဝေးကြီးမှာ တိတ်ဆိပ်ခြင်းမှာ အသက်ရှူသံ ။
အရောင်တွေ တဖျက်ဖျက်လက် ကြယ်ပွင့်တွေ ကြွေ ဒီ ခန္ဓာကိုယ်က လေးလံပိကျလာတယ်
အခါး ပါးစပ်ထဲက အခါး ဘဝထဲက အခါး ရင်ဘတ်ထဲက အခါးတွေ
အနက်ရောင် ခါးသက်ခြင်းတွေထဲ ကနေ ရုန်းကန်ရင်းပဲ
အဲ့ဒီ ပိုးမွှားတွေ နဲ့ မောဟိုက်နေတဲ့ အသံ။ အဝီဝီ ကြိတ်ခြေနေသလို ခေါင်းထဲမှ လှည့်ပတ်နေတဲ့အသံ
ဟင်းလင်းပြင်။ လွင့်ခနဲ ကျသွားတယ်။ ရင်ဘတ်တခုလုံး ဟင်းလင်းပွင့်သွားသလို။
အော်ခေါ်နေမိတယ်။ လွင့်မြောနေတဲ့ တစစီဖြစ်သွားတဲ စိတ်အာရုံထဲမှာ
အာခေါင်ခြစ်ပြီး အသံတိပ် အော်နေမိတဲ့ နာရီ စက္ကန့်
ည၊ အမှောင်။ အလင်းရောင်။ နာရီသံ။ အားလုံး လေးတိလေးကန်နိုင်လွန်းတယ်
နံရံတွေ ပါးလွှာလွန်းတယ်။ တံခါးတွေ ပိတ်ထားလိုက်ပါလား။ အားလုံး ဆူညံလွန်းလို့ပါ။
ဖရိုဖရဲ လွင့်ပျံနေတဲ့ အရိပ်တွေ ယိမ်းထိုး နေကြ။ ဒြပ်ဆွဲအားရဲ့ လားရာမဲ့ ဝဲဩဃ တစ်ခုလို
နေ့ရယ်မသိ ညရယ်မရှိ အလင်းတွေ ကွယ်ပျောက်။
ရီဝေနေတဲ့ အမြင်အာရုံမှာ နုတ်ဆက်အလွမ်း။
() .

Tuesday, April 09, 2019

ကြေကွဲနေတဲ့ ရာသီဥတု

Actually written on April 9, 2018 ·
ခြောက်သွေ့ ကြေကွဲနေတဲ့ ရာသီဥတု
သွေးကြောတွေထဲထိ စီးဝင်သွားကြတယ်
ဒါဏ်ရာဟောင်းတွေ ပြန်လည်နိုးထ
နှလုံးသားထဲက နင့်ကိုသတိရ
လှို့ဝှက်ဆန်းကြယ်အိပ်မက်ထဲမှာ
တစ်ယောက်ထဲ ပိတ်မိနေသလို
နှစ်ပေါင်းတစ်သောင်းက ဝိညာဉ်တို့ရေ
ငါနဲ့ အဖေါ်ပြုလှည့်ပါ။
( )