Saturday, May 11, 2019

မာရု - တိုင်းပြည်

တိုင်းပြည်
၊၁၊
အရှေ့တောင်အာရှ ရဲ့ အညိုရောင်ညနေခင်းမှာပေါ့ .... ဧရာဝတီဟာ သူ အိန္ဒြေကို ပြသရင်း အသံမဲ့ စီးဆင်းလို့ ..... အဲသလို ၊ အမှောင်ရောင်တွေထဲ မြို့ပျက်ကြီး ပုဂံဟာလဲ သင်္ခါရ အခင်းအကျင်းတွေကိုပြသလို့ .. တိုင်းပြည်ဟာ တစ်မိုးချုပ်ဖို့ ပြင်ဆင်ပြီ ..။
တိုင်းပြည်ဟာ .... ဒီညနေညိုညိုမှာ သူ ဆံပင်အိုတွေကို ဖားလျားချ သူ ခန္ဓာ ကိုယ်ပေါ်က ခေတ်ဆိုးတွေ ရေးထိုးသွားတဲ့ ဆေးမင်ကြောင် အမာရွတ်တွေကို ပွတ်သပ်ရင်း သူဆိုနေကျ အလွမ်းသီချင်းကို ဘယ်သူမှမကြားအောင် ဆိုလိုက်တယ် ...။
တိုင်းပြည်ဟာ ... သူ ချွေးခံအကျိဟောင်းကြီးထဲ ဝမ်းနည်းဖွယ်ရနံတွေနဲ့ တွန်.တွန့်ကျေ ရာဇဝင်တွေကို လူမြင်မခံရဲတာမို. သက်ပြင်းတွေချလို့။ နေတဓူဝ ••••
တိုင်းပြည်ဟာ ... ဘဝ တလျှောက်လုံး ခပ်ညံ့ညံ့ အစိုးရတွေနဲ့ သာ အလိုမတူဘဲ ပေါင်းဖက်ခဲ့ရသမို့ ခပ်ညံ့ညံ့တိုင်းပြည်လို့ အခေါ်ခံရတာကို ရှက်ပေမယ့်လည်း သူ့ခမျာ မရှက်နိုင်တော့ဘူးတဲ့ ...။


တိုင်းပြည်ဟာ ..။ အာရှမှာ ကျားတွေ တစ်ကောင်ပြီးတစ်ကောင် ပေါက်ဖွားကြီးမားလာခဲ့ပေမယ့်၊ သူ မှာက ... ။ ခွေးအဆင် သာသာ ရှိတာမို. တစ်ပါးတိုင်းသားတို့ သူ့မြေပေါ် အလည်လာတဲ့အခါ မျက်နှာကို ဝှက်ပြီး အိပ်ချင်ယောင် ဆောင်ရသတဲ့ ...။
တိုင်းပြည်ဟာ ... လ ကမ္ဘာပေါ်ကို ခဏခဏ တက်တဲ့တိုင်းပြည်လို မထင်ပေါ်ချင်ပေမယ့် ပြဿနာတွေ ခဏခဏ တက်တဲ့တိုင်း ပြည်လို့
ကျော်စောမှာတော့ ရှက်လှသတဲ့ ......။
တိုင်းပြည်ဟာ .. မွေးကာစကတဲက မွေးရာပါအလှတွေနဲ့ ပြီးပြည့်စုံပါရက်ကနဲ့ ဒီလူတွေလုပ်ကာမှ နဂို ရှိသော်လဲ၊ နဂိုင်း မထွက်ရရှာလို့ ဝဋ်နာကံနာ လို ဘဲ မှတ်ယူထားပါသတဲ့ ....
တိုင်းပြည်ဟာ ...။ အကျဉ်းစခန်း တွေထဲ အစိုးရ လုပ်မယ့်သူတွေကို ထောင်ချပြီး ... ထောင်ကျရမယ့်သူတွေက အစိုးရ လုပ်နေကြတာကိုလဲ နည်းနည်းမှ မကျေနပ်ဘူးတဲ့ .....။


တိုင်းပြည်ဟာ ... မြန်မြန် သေရမယ့် သူတွေက ကြာကြာ နေရပြီး ... ကြာကြာ နေရမယ့် သူတွေက မြန်မြန် သေနေကြတာလည်း နားမလည်နိုင်ဘူးတဲ့...။
တိုင်းပြည်ဟာ ... သူရင်ဘတ်လက်ပွေ့အိတ်ထဲက အတွင်းကြေကြေ နေတဲ့ ကလေးတွေရဲ့ အနာဂတ်ကို လူတွေ့တိုင်း ထုတ်ထုတ်ပြ၊ ဒီလူတွေ ကိုယ်၌က တဘဝလုံး ကြေမွနေတော့ကာ သူခမျာ ငိုရသတဲ့ .....။
ဒီလိုနဲ့ တိုင်းပြည်ဟာ အခု တလော ရင်တမောမော နဲ. အဝေးပျံ ခွပ်ဒေါင်းတို့ရဲ့
အောင်ပွဲသံကို နားစွင့်ရင်း သပြေခင်းလေး ပျိုးထားသတဲ့ ......။
ဒီလိုနဲ့ ..... တိုင်းပြည်ဟာ အိုမင်းလွန်း လှပေါ့ .........။ ။


၊ ၂၊
မြန်မာပြည်မှာက ငှက်ဖျား ပေါတယ် ...။
ခွေးလေ ခွေးလွင့် သူတောင်းစား နဲ့ ဆင်းရဲသား ပေါတယ် ....။ ခြင် ယင်ကောင်
သူခိုး နဲ့ အလှုခံလည်း ပေါတယ် ....။ ဘုန်းကြီး စစ်သား ဘိန်းသမား နဲ့ ကပ်ဖား ယပ်ဖား အချောင်သမားလဲပေါ .... အရည်အချင်း မရှိဘဲ ခေါင်းဆောင် လုပ်ချင်သူလဲပေါ ...။
မရယ်ရတဲ့ လူပျက်တွေနဲ့ အသုံးမကျတဲ့ အကယ်ဒမီ တွေလဲပေါ .. ခါတော်မှီ ကော်ပီ သီချင်းတွေနဲ့
ထောက်လှမ်းရေး တွေလဲပါတယ်ပေါ့ .......။
ဒီမိုကရေစီသမား တွေပေါသလို ကြံ့ဖွတ်တွေလဲပေါ... ဗိုလ်ချုပ်ကြီးတွေ ပေါသလို ထောင်သားတွေလဲ ပေါတယ်ပေါ့ ...။
ဆေး အတု ဆီ အတု ရွေးကောက်ပွဲ အတု အမဲခြောက် အတုနဲ. နိုင်ငံရေးသမား အတုတွေလဲပေါ ...။
ဥပဒေ အတု အစိုးရ အတု ပညာတတ် အတုနဲ့ ရဲရဲတောက် အတုတွေလဲပေါ•••
တကယ်တော့ မြန်မာပြည်ဆိုတာ ... လူ့ အခွင့် အရေး ရှားပါးလွန်းတာကလွဲလို့ ကျန်တာတွေအကုန်ပေါတဲ့ အရပ်ဆိုပါတော့ .......။


၊၃၊
ဆင်းရဲခြင်း သမုဒ္ဒရာရဲ့ ကြမ်းပြင်အောက် ရာဇဝင်မတွင်တဲ့ သင်္ဘောပျက်တွေထဲ သံချေးတက် ယဉ်ကျေးမှုများ နဲ့ သောင်တင် ငုပ်လျှိုးနေသူများရဲ့ ဘဝဟာ အသံမမြည်တဲ့ အိပ်မက်တွေနဲ့ . ပုပ်ပွ ...
ဖြစ်ရပုံက... ဒီနိုင်ငံငယ်လေးထဲ ကုလို့ သလို့ မရတဲ့ နိုင်ငံရေးရောဂါတွေကထူပြော ခေတ်အဆက်ဆက် ခပ်ချာချာဒဏ္ဍာရီ တွေနဲ့ ရင်ခုံ လူညံ့ တွေသာစုပြုံ လာခဲ့ တယ် ....။
ဒီအရပ်မှာ ပေါ့ .. အုပ်ချုပ်သူ ဆိုတာ ဖိနှိပ်သူလို့ အဓိပ္ပါယ်ရသတဲ့ ... ဖိနှိပ်သူ ဆိုတာကို ရက်စက်သူလို့ တော့ ဘာသာမပြန်လိုက်ကြနဲ့ မွေးရာပါ ယုတ်မာသူများသာ ဖြစ်ကြလေတယ် ..။
လူယုတ်မာတွေလေ .. တဗိုလ်ကျ တဗိုလ်တက်နဲ့ တိုင်းပြည်ကို နှိပ်စက်လာ ပညာမဲ သူတို. ပွားများ ဆင်းရဲခြင်းတို့ ကြွယ်ဝခမ်းနား အဓမ္မတရား ထွန်းကားရာ အန္တရာယ်တရား. ကြွထရာ အမှားတရားသာ အမှန်ဖြစ်ရာ ကံကြမ္မာတို့ မြုံအ ရာ ဒီအရပ်ဟာလေ .. စုတ်ပြတ်သပ်ခဲ့ ပေါ့ ...
ဒီလိုနဲ့ ... အမှည့် လွန် နေ တဲ့ ခေတ် တွေ ဟာ
ဆောင်း ဦး ပေါက်ရာသီလို ဒို့ဆီကို အရောက်နောက်ကျခဲ့ ဒီလိုနဲ့ ... ဒုက္ခဆိုတဲ့ မာကျောကျော အမွေတွေနဲ့
တော်လှန်ရေးကို ထုဆစ်ခဲ့ ရံဖန် ရံခါ ... ။
မာရု
(ပန်းစကား)