ပြည်ထောင်စုနေ့ ရောက်ပြီဆိုတော့ တစ်ခုခုတော့ ရေးချင်သေးတယ်။ အရင်နှစ်တွေက ပင်လုံစာချုပ်၊ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စတွေတော့ ပြောပြီးပြီဆိုတော့ ဒါတွေ ရေးချင်စိတ်လည်း မရှိတော့ဘူး။
သိတယ်မဟုတ်လား ဒီအစိုးရအကြောင်း။ ပြောရရင်တော့ ဟိုးမဆလခေတ်ကနေ အခု နအဖ အထိ သူတို့ အမူအကျင့်တွေကတော့ ဘာမှ မပြောင်းဘူး အဲ့လို အူကြောင်ကြောင် formality တွေ အမြဲလုပ် အမြဲ ပြောနေတုန်းပဲ။ အဲ့ဒီ မဆလခေတ် ပြည်ထောင်စုနေ့ အကြောင်းပြောပြမယ်။
မဆလ ခေတ်ကဆိုတော့ ကျွန်တော်ကတော့ ကလေးပဲရှိသေးတယ်။ မှတ်မိတာက ပြည်ထောင်စုနေ့ဆိုရင် အလံကြိုရတာပဲ။ ရန်ကုန် မြို့တော်ခန်းမကနေ တတောင်လောက်ကြီးတဲ့ အလံသေးသေးလေးကို တစ်နိုင်ငံလုံးကို လက်ဆင့်ကမ်းသယ်တာ။ အဲ့ဒါကို တစ်နိုင်ငံလုံးက ကျောင်းတွေ ကလမ်းဘေးတလျှောက်က စောင့်ကြိုရတာ။ သယ်တာလည်း တခမ်းတနား။ အလံသယ်တဲ့ လူကတယောက် နောက်မှာ တစ်ဘက် ခုနှစ်ယောက်လားမသိဘူး ရံပြီးလိုက်ပြေးတာ။ ပြေးတဲ့ပုံကအစ လေ့ကျင့်ထားကြတာ။ လှုပ်စိ လှုပ်စိလေး ပြေးရတာ။ လက်ဆင့်ကမ်းတာဆိုလည်း လေ့ကျင့်ထားကြတာပဲ။ ကြားဖူးတာတော့-- လွတ်ကျရင် ဒါမှမဟုတ် ပြေးနေတုန်း ခလုတ်တိုက် လဲရင် ထောင်ချမှာဆိုလား ပြောကြတာပဲ။ အဲ့ဒါ သယ်တာကို ဌာနဆိုင်ရာတွေက တာဝန်ယူရတာ။ ကျောင်းဆရာတွေဆို ကျောင်းဝတ်စုံနဲ့ နာစ်မတွေဆိုရင် နာစ်ဝတ်စုံနဲ့ ၊ စင်မြင့်ပေါ် တက်ခါနီးမျိုးဆိုရင် တိုင်းရင်းသားပေါင်းစုံ ခြံရံလို့ စသည်ဖြင့် စသည်ဖြင့်။ ရှုတ်နေတာပဲ။
ကျွန်တော်တို့ကျောင်းသားတွေမှာလည်း အဲ့ဒါကြိုဖို့ မလိုက်မနေရ လိုက်သွားရတာ။ အစောကြီးသွား လမ်းဘေးမှာ အကြာကြီးစောင့်။ လာပြီဆို လက်ခုပ်တီး။ တော်တော် အူကြောင်ကြောင်နိုင်တယ်။ ကျွန်တော်တို့ ကလေးတွေကြားမှာတော့ ထင်မြင်ချက်တွေ ယုံတမ်းစကားတွေ ပြောကြတာ-- အဲ့ဒီအလံရဲ့ တိုင်ထဲမှာ ပင်လုံစာချုပ် ရှိတယ်တဲ့။ အလံလေးကလည်း အချာပင်တော့မဟုတ်ဘူး မြန်မာ့ ပထမဆုံး အလံဆိုလား။ အမြဲသစ်နေတော့... အင်း... ဟုတ်ပါဘူးကွာ... ဘာညာပေါ့။ ရေလည် လည်းထူးဆန်းတာကိုး။ တခုခုတော့ တခုခုပဲလို့ ထင်တာပေါ့။
တခြားမြို့တွေမှာတော့ မသိဘူး၊ မန္တလေးမှာဆိုရင် မုတ်ဦးကြီးတွေ တစ်ပြ တစ်ခုစီလောက် ဆောက်သေးတယ်။ ပြည်ထောင်စု အလံတော်ကို ကြိုဆိုပါ၏ ဆိုပြီးတော့။ အဲဒါကို မန္တလေးတိုင်းထဲက မြို့နယ်တိုင်းက တစ်ခုစီဆောက်ပေးရတာ။ အလှဆုံးမုတ်ဦးကို ဆုပေးတယ်။ အပြိုင်အဆိုင်လည်း လှအောင် ဒီဇိုင်းအမျိုးမျိုး ထွင်ပြီးလုပ်ကြ မီးအလှတွေဆင်ကြဆိုတော့ ညဘက်ဆို လှတဲ့ မုတ်ဦးရှေ့ ဓာတ်ပုံတွေ ရိုက်ကြတာ အဲ့ဒီခေတ်က ကင်မရာမင်းတွေများ အလုပ်ကိုဖြစ်လို့။
ဒီလောက်ပါပဲ။ အဲ့ဒီ ပေါကြောင်ကြောင် အကျိုးမဲ့ ၊ လူတွေပင်ပန်း၊ budget တွေဖြုန်း၊ လုပ်ခဲ့တဲ့ အကြောင်း နှောင်းလူတို့ကို ကြားဖူးအောင် ရေးလိုက်တာ။