Thursday, May 17, 2007

Pathetic

အစိုးရသတင်းစာတွေမှာ ဒီမိုကရေစီ ဘက်တော်သားတွေကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ တစ်နေ့တစ်နေ့ ရေးလိုက်ကြတာ ဘယ်သူကမှလည်း ဖတ်မှာမဟုတ်ဘူး။ နောက်တော့ အဲ့ဒါကို သူတို့သဘောပေါက်သွားတယ် ထင်တယ်။ ပုဂ္ဂလိက ဂျာနယ်တွေမှာပါ အတင်း ထည့်ခိုင်းလာတော့တယ်။ ဒါလည်း ဘယ်သူကမှ ဖတ်မှာမဟုတ်ဘူး။ အဲဒီ့ စာမျက်နှာကို ကျော်ဖတ်လိုက်ကြတာပါပဲ။ (တခါတရံ ယောင်လို့များ "သြော်... ဘာတွေများပါလိမ့်" ဆိုပြီး တစ်ကြောင်းတစ်လေ မဖတ်မိလိုက်နဲ့၊ သူခိုးက လူလူဟစ် ထားတာတွေချည်းပဲ။ )

အဲ့တော့ ဒီလို ဘယ်သူမှ မဖတ်လည်း ဒီလောက် စာမျက်နှာကြီး အပြည့် ရေးရေးနေကြတာ တော်တော် သနားဖို့ကောင်းလာတယ်။ (အင်းပေါ့လေ... သန်းရွှေကတော့ အရိုးအရင်း ပေးကိုက်မှာပေါ့။) စာရေးတယ်ဆိုတာ (diary ကလွဲလို့) စာဖတ်သူရှိမှ ကျေနပ် ပီတိ ရတော့မပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တော့ သူတို့ကို သနားသနားလာတယ်။ အဲ့ဒီ ဆောင်းပါးရှင်တွေကို သိရင် ပြောပေးကြပါ။ ကျွန်တော်က သနားတယ် လို့။


Saturday, May 05, 2007

Irreversible dream

Entropy of universe must always increase.
(second law of thermodynamics)
မျက်စိကို စုံမှိတ် ကြည့်လိုက်တော့ ငါ့ခေါင်းထဲမှာ ကိုက်ခဲခြင်းတွေ အပြိုင်းအရိုင်း ပေါက်ရောက်နေလိုက်ထာ။ အခုဆို ကြာရင် တစ်ကိုယ်လုံးကို လွှမ်းသွားမလားလို့တောင် မသိမသာ ကြောက်ရွံ့လာတယ်။ ဒီအချိန်တွေဆို ငါတစ်ယောင်ထဲ စကားတွေ အများကြီး ပြောနေမိတယ်။ ဒါလည်း အထီးကျန် ကလေးဘဝရဲ့ အကျင့်တွေ မပျောက်သေးတာထင်ပါရဲ့။ အဲ့ဒီတုန်းကဆိုရင်လေ အဖြူရောင် ဗျိုင်းတွေ vပုံ wပုံ ပျံသွားတာကို ညနေတိုင်း စောင့်ကြည့်ဖူးတယ်။ ပျော်ရွှင်ခဲ့သလိုလိုပါပဲ။ ငယ်ရွယ်ပြီး ရူးသွပ်မှုတွေလဲ ရှိခဲ့မှာပေါ့။ ဒါတွေကလေ မနေ့လောက်ကပဲ ဖြစ်ပျက်ခဲ့သလိုလိုနဲ့ပါလား။ အခုတော့ မီးလျှံတွေ တဖွဲဖွဲ မိုးကောင်းကင်အောက်မှာ ပျော်ရွှင်ရဲ့လား။ ပျော်ရွှင်ရဲ့လား။ ရှင်သန်ခြင်းကြီးက ငါ့ကို ဆွဲထားတုန်းပဲလား။ နိုးထလို့ မရတဲ့ အိပ်မက်ရှည်ကြီးလိုပေါ့။ နိုးထပါတော့။