Saturday, August 16, 2014

science and technology news 2014-08-06

(နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင်)
EmDrive လို့ခေါ်တဲ့ အင်ဂျင်မှာ ဂျက်အင်ဂျင်လို တွန်းကန်ထုတ်လွှတ်တဲ့ အရာတစ်ခုမှ မပါပါဘူး။ အဲ့ဒါကြောင့် အဟုန်တည်မြဲမှုနိယာမကို ချိုးဖေါက်တဲ့အတွက် အလုပ်မဖြစ်နိုင်ဘူးလို့ အချို့က ယူဆပါတယ်။ EmDriveတည်ဆောက်ပုံကတော့ အလုံပိတ်ထုလုံးရှည်ရဲ့ မျက်နှာပြင်သေးတဲ့ တစ်ဘက်စွန်းကနေ microwave ထုတ်လွှတ်ပေးတဲ့အခါမှာ ဘေးဘက်နံရံကို အကြိမ်ကြိမ် လှိုင်းရိုက်ခတ်မှုတွေဖြစ်ပြီး မျက်နှာပြင်ကျယ်တဲ့ တစ်ဘက်စွန်းကို ပိုမို တုန်ခါစေခြင်းဖြင့် ထွန်းကန်အားကို ရရှိမှာ ဖြစ်ပါတယ်။ EmDriveရဲ့သဘောတရားကို တွေးခေါ်တီထွင်သူကတော့ Roger Shawyer ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီအင်ဂျင်ကိုတည်ဆောက်ခဲ့စဉ်က 17mN ပဲတွန်းကန်အားရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တရုပ်နိုင်ငံသုတေသီYang Juan နဲ့အဖွဲ့က တည်ဆောက်တဲ့ အင်ဂျင်ကတော့720mN တွန်းအားရရှိခဲ့ပါတယ်။ အခုအခါမှာတော့ နာဆာရဲ့ စိတ်ဝင်စားမှုရရှိလာပြီး အာကာသ ခရီးရှည်သွားမယ့် ယာဉ်တွေမှာ အသုံးပြုဖို့ သုတေသနပြုနေပါတယ်။


−−−−−−−−−−−−−−−−−−−−−−−−−−−
(အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover)
အင်္ဂါဂြိုဟ်မှာ လက်ရှိလှည့်ပါတ် သွားလာပြီး လေ့လာနေတဲ့ Curiosity Mars rover လိုမျိုး နောက်ထပ် Mars rover အသစ်တစ်စီးကို ၂၀၂၀ မှာထပ်လွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒီယာဉ်အသစ်မှာ အရုံခံကိရိယာ ၇မျိုးတပ်ဆင်မှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၉၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Mars rover အသစ်မှာတော့ ဘက်တီးရီယားအရွယ် သက်ရှိတွေအထိ ရှာဖွေနိုင်မယ့် ကိရိယာတွေပါဝင်မယ့်အပြင် လေထုထဲကနေ အောက်စီဂျင် ထုတ်လုပ်နိုင်မယ့် ကိရိယာ ပါဝင်ပါတယ်။ အောက်စီဂျင် ကို နောင်တစ်ချိန် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် သွားရောက်တဲ့ အခါမှာ အသက်ရှူဖို့အပြင် ဒုံးပျံလောင်စာအဖြစ် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−
(ဂျပန်နိုင်ငံရဲ့အာကာသ အမှိုက်ရှင်းလင်းရေး)
ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီး ကမ္ဘာပါတ်လမ်းကြောင်းထဲက ဂြိုဟ်တု အပျက်အစီးဟောင်းတွေကို စောင့်ကြည့် ရှင်းလင်းသွားဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို 'fourth battlefield' လို့အမည်ပေးထားပြီး Okayama မြို့မှာ ရေဒါစနစ်တွေတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် ကမ္ဘာပါတ်လမ်းကြောင်းထဲမှာ အပျက်အစီး အပိုင်းအစပေါင်း ၅သိန်းလောက် ရှိနေပြီး တစ်နာရီ ၁၇၅၀၀ မိုင်နှုံးနဲ့ ရွေ့လျားနေကြတဲ့အတွက် ဂြိုဟ်တုတွေကို ထိခိုက်မှု ရှိလာပါတယ်။ ၂၀၀၇ ခုနှစ်က တရုပ်နိုင်ငံက ဂြိုဟ်တုဖျက် ဒုံးခွင်းစနစ်ကို စမ်းသပ် ခဲ့တာတစ်ခုထဲကပင် အပိုင်းအစ တစ်သိန်းခွဲ ပြန့်ကျဲကျန်ခဲ့ပါတယ်။ အခုလို အာကာသ အမှိုက်တွေ ရှင်းမယ့် အစီအစဉ်မျိုးကို ဆွစ်ဇာလန်နိုင်ငံ ကလည်း CleanSpaceOne အစီအစဉ်ကို အကောင်အထည်ဖေါ်နေပါတယ်။











Saturday, August 02, 2014

About Mandalay terrorist attacks





မန္တလေးမှာ
၂၀၁၄−၀၇−၀၁ ကစတင်ခဲ့တဲ့ ထုံးစံအတိုင်း မုဒိန်းမှုဆိုတဲ့ သတင်းလိမ် တစ်ရပ်ကို အခြေခံတဲ့ တိုက်ခိုက်မှုတွေကို
သတင်းထောက် "မီးစက်ကြီး"က မြင်တွေ့ခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်း facebook မှာ ရေးထားတာလေးကို ကူးယူ ဖေါ်ပြအပ်ပါတယ်။

source:
https://www.facebook.com/notes/မီးစက်-ကြီး/-အမှောင်ချလောက-မှမလွတ်မြောက်နိုင်သေးသော-ပြည်သူ-သို-့-မန္တလေး-ပဋိပက္ခ-၂၀၁၄/530532977076439



''အမှောင်ချလောက မှမလွတ်မြောက်နိုင်သေးသော ပြည်သူ (သို့) မန္တလေး ပဋိပက္ခ ၂၀၁၄''

July 13, 2014 at 3:26pm

မန္တလေးမြို့တွင်
ဇူလိုင်လ ၁ ရက်နေ့ညနေခင်းတွင် ဆန်းလက်ဖက်ရည်ဆိုင် အား အာဏာပိုင်များမှ ရောင်းချမှု ပိတ်ခိုင်း ရာမှစ မီးပွားတစ်စ ထလောင်ခဲ့သည်။ လက်ဖက်ရည်ဆိုင်သည် ၂၇ လမ်း×၈၂ လမ်းဒေါင့် ချမ်း/ဇံမြို့နယ်အတွင်း တည်ရှိခဲ့သည်။


ပိတ်ခိုင်းချိန်သည် ညနေခင်းမှသာရောင်းချသောဆိုင်ဖြစ်သလို ထိုရက်များတွင်အစ္စလာမ်ဘာသာဝင်များ၏
ဥပုဒ်လ နှင့်ကြုံဆုံချိန်ဖြစ်သဖြင့် လူစည်းကားရာ အချိန်ဟုဆိုရသော်မမှားပေ။
စတင်ဖြစ်ပွားမှု မှာ … ဆိုင်ရှင် ဘက်မှ သိလိုသော်မေးခွန်းများ နှင့်အတူ…




 “ဘာကြောင့် ဘယ်သူကြောင့် ပိတ်ခိုင်းတာလည်း …ခင်ဗျား တို့ရဲတွေကို ဦးဝီရသူ လွှတ်လိုက်တာ လား ဆိုသော မေးခွန်းများအား စဉ်ဆက်မပြတ်မေခွန်းထုတ်နေသော်လည်း…

ခရိုင်းရဲမှူး ဖြစ်သူ ၏ တစ်ခွန်းတည်းသော စကားမှာ.....


''ထွက်ပေါ်လာသော သတင်းစကားနှင့်အတူ မြို့ရွာ လုံခြုံရေး အတွက် တာဝန်အရ ပိတ်ခိုင်းတာပါ…ကျွန်တော် အုပ်ချုပ်ရာ ခရိုင်အတွင်း ပဋိပက္ခ မဖြစ်ပွားစေချင်ပါဘူး '' ဆိုသော စကားဖြင့် ဘာသာခြားများ နှင့်
တာဝန်ရှိအာဏာပိုင် တို့ အချေတင်ပြောကြားမှုသည့် အချိန်၂နာရီနီးပါး ကြာမြှင့် ခဲ့သည်။




ထိုအချိန်က ဆိုင်နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ လည်း ဆရာတော် တစ်ပါး မှ တယ်လီဖုန်း
ဖြင့်ချိန်းခြောက်ပြောဆိုပြီး၊ မကြာမှီ ဆိုင်အားလာဖျက်မည် ဆိုသော စကားများ ကြားသိရခဲ့သော်လည်း သူတို့၏ ပြောစကားသာ ဖြစ်၍ ကျွန်တော် တို့အနေဖြင့် မှတ်ချက်မပြုလိုပေ။




ကျွန်တော်တို့မြို့ခံသတင်းထောက်များ စတင်သိရှိချိန်သည် ည(၇)နာရီဖြစ်ပြီး၊ စတင်ဖြစ်ပွားချိန်တွင် သတင်းဓါတ်ပုံ ရိုက်ကူးရန်ပင်အခက်အခဲရှိခဲ့သည်။

“ သတင်းထောက်တွေ ဓါတ်ပုံမရိုက်ပါနဲ့။ ဘယ်သူမှ မရိုက်ပါနဲ့။ ” ဟု သာ အတွင်တွင်
အော်နေသော်လည်း ရဲမှူးအားဝိုင်းဝန်းထားသော ဘာသာခြားများ၏ လက်အတွင်းမှာတော့ ဖုန်းကင်မရာဖြင့် တဖျပ်ဖျပ် တချက်ချက်ပင်။


နီးရာဓါး ကိုကြောက်ရသည်ဆိုသောစကားအတိုင်း ကနဦးပိုင်းတွင် ဓါတ်ပုံရိုက်ကူးနိုင်ရန်းအမျိုးမျိုးဖန်တီးပြီး တစစနှင့်သတင်းထောက်များစုဝေးမိလာကြသည်။

မရှေးမနှောင်းချိန်ဟု ဆိုရမလား လူအုပ်အတွင်း မှ အမျိုးသမီးတစ်ဦး ကျွန်တော်တို့အုပ်စုကို လှမ်းမြင် လိုက်သည်။


“ဘေးဖယ်ပေးလိုက်ပါ၊ သတင်းထောက်တွေရောက်နေပြီး၊ ဒီကိစ္စက သူတို့သိမှဖြစ်မယ်၊ ရဲမှူး ကို သူတို့ထိပ်တိုက်မေးပါလိမ့်မယ်။ ဘေးဖယ်ပေးကြပါ။ ” ဟု အသံကြားလိုက်ရသည်။


ထိုသူမ မှာဘာသာပေါင်းစုံပဋိပက္ခငြိမ်းချမ်းရေး မှ မျက်မှန်းတန်းခင်မင်သူ တစ်ဦး အသံကို ဖြစ်ပြီး၊ ကျွန်တော် အပါအဝင် သတင်းထောက်(၅)ဦး ၊ ရဲမှူးအားဝိုင်းရံထားသော  အစ္စလာမ်ဘာသာဝင် (၁၀၀) နီးပါး အတွင်းသို့ရောက်ရှိသွားလေသည်။


(သတင်းဌာန အသီးသီး ၏ မေးမြန်းချက်များ)

မေး ။    ။ ဘာလို့လက်ဖက်ရည်ဆိုင် ပိတ်ခိုင်းရပါလည်း ခင်ဗျာ။

ရဲမှူး။ ။ ပဋိပက္ခ တစ်စုံတစ်ရာမဖြစ်စေလိုလိုပါ။ မြို့ရွာတည်ငြိမ်အေးချမ်းရေးအတွက်ပါ။

မေး။   ။ ဘာကြောင့် ပဋိပက္ခ ဖြစ်ပွားမယ်ဆိုတာ ရှင်းပြပေးပါလား.....


ရဲမှူး။   ။ကျွန်တော်တို့ထံသတင်းတစ်ခု ဝင်လာလို့ပါ။ အမည်မဖော်လိုသူ အဖွဲ့တစ်ခု က ဒီဆိုင် ကို လာဖျက်မယ် ဆိုတဲ့သတင်းအရပါ။


မေး။   ။ ဘာကြောင့်ဖျက်ရတာလည်း…

ရဲမှူး။   ။ ပျဉ်းမနား မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုလို့ဖွင့်ထားတဲ့အမှုကြောင့်ပါ။

မေး။   ။ ဒါဆို ဒီသတင်း ကို အတည်ပြုနိုင်ပါလား။


ရဲမှူး။    ။ တိုင်ချက်အရတော့ စစ်ဆေးမေးမြန်းရမည့်အပိုင်းဖြစ်နေပါတယ်၊ အမှုဖွင့်ထားတာကတော့ အတည်ပြုနိုင်ပါတယ်။


မေး။  ။ ဒါဆို တရားခံ ဆိုသူ ကိုမဖမ်းဘူးလား။


ရဲမှူး ။  ။
ရှာဖွေစုံစမ်းနေပါတယ်။ နေပြည်တော်က တာဝန်ရှိသူတွေလည်းရောက်နေပါတယ်။ကျွန်တော် အနေနဲ့ဒီ လောက်ဘဲပြောနိုင်ပါမယ်။အခု ဆိုင်ပိတ်ခိုင်းရတာကတော့ မြို့ရွာတည်ငြိမ်အေးချမ်းပြီး ပဋိပက္ခမဖြစ်ပွားစေရေးပါ။


မေး ။   ။ရဲမှူး တစ်ခုလောက်မေးပါရစေ။မေးခွင့်ပြုပါ။ ဒါဟာ အထက် အမိန့်ကြောင့် လာပိတ်တာလား..ဘယ်သူ ပိတ်ခိုင်းတယ် ဆိုတာ…..



ရဲမှူး။   ။ ဒါက တော့ ကျွန်တော် အုပ်ချုပ်ရတဲ့ခရိုင်အတွင်း မို့မဖြစ်သင့်တာ မဖြစ်အောင် ထိန်းသိမ်းရခြင်းသာ ဖြစ်ပါတယ်။


အစ္စလာမ် ဘာသာဝင်များသည် လည်း တစစ နှင့် လမ်းမအထက်တွင် လူများပြားလာသလို၊ တစ်ယောက် တစ်ပေါက် အော်ဟစ်သံများ သည်လည်း ပို၍ကျယ်လောင်လာလေသည်။


“မဆိုင်သူတွေ ကိုယ်အိမ် ကိုပြန်ပါ။ မအော်ကြပါနဲ့။ မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာပါမယ်။” ဟု ဘာသာရေးတွင် အကြီးအကဲ ဖြစ်သူဟု ယူဆရသောလူတစ် လေးငါးဦး မှ လူအုပ်ကို ထိန်းသိမ်းနေသည်။


သို့ရာတွင် ဘာသာခြားလူအများစု ရင်ထဲတွင်တော့ မကျေနပ်မှုများ ပြည့်နှက်နေသည်အလား.. မတရားပိတ်ခိုင်းသည် ဟု ထင်မြင်ချကသည်  သူတို့ကိုယ်တိုင်သာလျှင် သိရှိနိုင်မည် ဖြစ်သည်။


သို့သော် အမျှော်အမြင်ကောင်းသူ (၁၀)ဦးလောက်မှ မိမိဘာသာဝင်များအား ထိန်းကွပ်မှုကြောင့် မလိုလား အပ်သော ပြဿနာ တစ်စုံတစ်ရာမဖြစ်ပွားခဲ့သောငြား ပြဿနာ မီးတစ်စ ထွန်းတောက်၍ လာလေပြီ။


ပဋိပက္ခစတင်ဖြစ်ပွားချိန်တွင် အချိန်နှင့်တပြေးညီ နီးစပ်ရာ လမ်းဆုံလမ်းခွများ အား တားမြစ်မှုများကြောင့်
ဘာတွေဆက်ဖြစ်မလည်း ဆိုသော အဖြေ ကို သိချင်သော မြို့ခံလူအုပ်သည်လည်း လမ်းဒေါင့်များတွင် တစစဖြင့် များပြားလာခဲ့လေသည်။
အချိန်သည်ကာ…….



ည (၁၀) နာရီ၂၆ ဘီလမ်းဘဏ် (၁)
အရှေ့…
……



''ကမ္ဘာမကြေ မြန်မာပြည် ဒါတို့ပြည် ဒါတို အမွေ တိုပိုင်တဲ့မြေ…''
ဆိုသော နိုင်ငံတော် သီးချင်း ကို သီဆို၍ မကျေနပ်ချက်များ ကို ဖွင့်လှစ်ခန်း စတင်လိုက်လေသည်။



ကျွန်တော်တို့ရောက်ရှိချိန်တွင် လူဦးရေ (၈၀)နီးပါး မှ တဖြည်းဖြည်း ရာကျော်လာလေသည်။ မြို့၏ အချက်အခြာလမ်းမဖြစ်၍ လူများတဖြည်းဖြည်းများပြားလာသည်။ ထူးခြားသည်မှာ သွေးဆူနေသောမြို့ခံလူ တစ်စု အတွင်း အစိမ်းရောင်မျက်လုံး ပိုင်ရှင်များပါနေသည် ကိုမှု မည်သူမျှ သတိမပြုမိပေ။ အစိမ်းရောင်
မျက်လုံးပိုင်ရှင်များသည် သွေးဆူနေသော လူတစ်စု အား မြှောက်ထိုးပင့်ကော်သွေးဆူ လွယ်သော
''
ငါတို့ မြန်မာအမျိုးသမီး မုဒိမ်းကျင့် ခံရပြီ… ဒီကောင် တွေလူးပါးဝတယ်……ငါတို့အရိုးနဲ့ စည်းရိုးခတ်မယ်… ဒီကောင် တွေမှာ ငါတို့ကို သတ်ဖို့ လက်နက်တွေ စုဆောင်းနေပြီ…'' ဆိုသော စကားများအား ထပ်ဖန်တလည်းလည်း ပြောဆို ၍ အော်ဟစ်ဆူပူသူလူများ သာ ပြောင်းသွား သော်လည်း သူတို့မပြောင်း
လည်းပါ။



ဒီနေရာမှာ…

ခေတ္တ နားပြီး ရဲ တို့၏ လုပ်ထုံးလုပ်နည်း ကို နားမလည်သောငြား သာမာန်ပြည်သူတစ်ယောက်ရင်ထဲမှ  မေးခွန်းတစ်ချို့ ထွက်ပေါ်လာလေသည်။
၁။ မုဒိမ်းမှု ဆိုတာ ရာခိုင်နှုန်းမည်မျှ မှန်ကန်နိုင်ပါသနည်း။
၂။မုဒိမ်းမှု ပ နံပါတ် …တရားလို ထွက်ဆိုချက်…ဆေးစာထွက်ဆိုချက်…တွေက ဘယ်မှာလဲ ?

၃။ လှိူဝှက်ချက် ဆိုရင် သစ်ထူးလွင် က ဘယ်လို သိသလဲ ?

၄။တရားခံ ဟုဆိုသူအား ဖမ်းဆီးရာတွင် နယ်မြေခံရဲများကျော်ခွပြီး လာဖမ်းရအောင် သူက ဘိန်းရာဇာလား?

နိုင်ငံတော် ပုန်ကန်သူလား? လက်နက်ရောင်းဝယ်သူလား ? ဒီလို အမှုမျိုး နဲ့ ဘယ်နှစ်ယောက် ဖမ်းဖူးပါသလဲ?


၅။ဆိုင်ပိတ်ခိုင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ တဆင့် ဆင့်ခေါ် ပိတ်လိုက်လျှင် အဆင်ပြေသောနည်းရှိပါရဲ့နှင့် အဘယ်ကြောင့် လူစည်ကားချိန်မှာ ရဲကားများ ထိတ်လန့်ဖွယ် ဖြစ်စေမည့် နည်းဖြင့် ရွေးချယ်ကာ အချိန်ဆွဲ ခဲ့ရသည် ဆိုတာ………………
ကျွန်တော် နှင့် အတူ သတင်းသမားများ သိချင်သောမေးခွန်းများဖြစ်ပါသည်။




အချိန်သည်ကာ
ည(၁၁)ကျော်လွန်လာလေပြီ…

ရဲများမှ ၂၆ဘီလမ်းနှင့် ၈၂ လမ်းထိပ်တွင် နေရာယူ အသင့်အနေအထားဖြင့် လူအုပ်ကြီးအား ကျွံမထွက်သွားစေရန်
အတွက် ရှေ့မှ ခံရံပေးထားသည်။ အကယ်၍ ဒီစည်းတွင် တာကျိုးပေါက်ခဲ့ပါ က ဘာသာရေးပဋိပက္ခသည် သွေးထွက်သံယို ဖြစ်ပွားနိုင်သည်အထိ စတင်တော့မည်။



“ဟေ့ကောင်တွေ လုံခြုံရေး စည်း မပေါက်စေနဲ့၊ ကာရံထားပါ၊ ” ဟု နယ်မြေတာဝန်ရှိ ရဲမှူးမှလည်း နေရာအနှံ လိုက်လံနိုးဆော်နေသည်။ သို့သော် ထိုအချိန်ထိ သံဆူးကြိုး ဗယ်ရီဂိတ်များ မမြင်တွေ့ရသေးပါ။ '' ထု
ကွာ…ထု……ဒီကောင်တွေ ကာဗာပေးနေတယ်… ဒီ ရဲတွေ ကုလား -ီး စုပ်နေတာ…… ငါတို့ဗမာကျ ဒုက္ခ
ပေးနေတယ်…… ထု …'' ဆိုသော ဒေါသအသံများ လှုံဆော် သံများနှင့် အတူ ရဲများကြားဝယ် အုတ်နီခဲအကျိုးများ ကျလာလေသည်။ ဒုန်း" ဒေါင် '' ဖုန်း '' ခလွမ်…… ရဲမှူး တစ်ယောက် အမိန့်သံ……

''
ဒိုင်းတွေ ကာပါ… လူစေ့ထားပါ……စည်းမပေါက်ပါစေနဲ့…… လက်မတုန့်ပြန်ပါနဲ့……'' ဒေါသထွက်နေသော
လူအုပ်ကြီးသည်ရဲများအတွင်းသာမက နီးစပ်ရာ အိမ်များမှ မှန်များ…လမ်းပေါ်ရှိ ဘာသာခြားများ ပိုင်ဆိုင်သည် ထင်သော ကား။ဆိုင်ကယ်။ ဆိုင်းဘုတ် များ အား ထုခွဲနေသည်။



ရဲများထံသို့ဂဲများဖြင့် ပစ်လိုက်၊ ပုလင်းတချိုးဖြင့် ပစ်လိုက်၊ ပတ်ဝန်းကျင် အားလူစု လူဝေးဖြင့် စည်းရုံးလိုက်ဖြင့် အချိန်သည် တဖြည်းဖြည်း ညနက်လာလေသည်။ မြို့လယ်ခေါင်ဟု ဆိုသော်ညား လမ်းမီးများလင်းထိန်မှု မရှိသည် ကလည်း လူတစ်စု အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ရန် ဆောင်ကြဉ်းထား သည်အလာသို့ဆွဲ ခေါ်နေလေသည်။ ထိုကဲ့သို့ အချိန်တွင်… ဒေါသဖြင့် ပစ်ပေါက်နေသော လူငယ်ထံသို့ … ဘဏ်တာဝန်ကျ အဘိုးအို တစ်ဦး၏ စကားသံမှာ……တွေးမြင်စရာ ကိစ္စ ဖြစ်သည်…… '' လူလေး မင်းဘယ်မှာနေတာလည်း…မင်း ဒီမြို့က ဟုတ်ရဲ့လား……… { ဘာလို့လည်းဗျ………} “ဪ… အဘ မသိလို့ပါ…မင်းတို့စိတ်တိုနေတာ က ကုလားလူမျိုး…… အခု မင်းဂဲနဲ့ ထုနေတဲ့ တိုက် က……မန္တလေး က လူတွေ အကုန်သိတဲ့… မန်းသီရိ ဆိုတဲ့ တရုတ်လူမျိုးတွေ ပိုင်တဲ့ တိုက်လေ……… ဆိုတော့…… ”

ကုလားလည်း အတူတူ …တရုတ် လည်း အတူတူ ဘဲ ဆိုပြီး လှည့်ထွက်သွားတယ်…


[ဒီစကား က ထို လူရမ်းကားများ အတွင်း ရောက်ရှိနေသူ မိတ်ဆွေ တစ်ဦးထံမှ သိရသည်။]

ထိုကဲ့သို့အချိန်တွင်…
ရဲများ ၏ နောက်တွင် သတင်းယူရန် ရောက်ရှိနေသော သတင်းထောက်များသည်လည်း မိမိတို့ အသက်အန္တရယ်လုံခြုံရေးအတွက် ဘေးကင်းလုံခြုံရာတွင် ပုန်းခိုရလေပြီ။



သတင်းထောက်။ ။ အကိုကြီး ကျွန်တော်တို့ ဒီနေရာက နေ ကာဗာ ကွယ် ပါရစေ .....
ရဲ။ ။ မင်းတို့ဘယ်သူလည်း…
သတင်းထောက်။ ။ ကျွန်တော်တို့ မြို့ခံသတင်းထောက်တွေပါ .......
ရဲ။ ။ အေး ဒါဆို လည်း ငါနဲ့ဝေးဝေး နေ … ငါ သေနတ် က အလိုလို နေ ကျည်ထွက်  ချင်နေတာ စိတ်မချရဘူး……


ဟု ရှေးဟောင်း သစ်သားဖြင့်ကိုယ်ထည်ဖြင့် ပြုလုပ်ထားသော မောင်းပြန်ရိုင်ဖယ် ကိုင်ထားသော ရဲတပ်ကြပ်တစ်ဦးမှ ပြောလိုက်သည်။


ဆူပူသံများ ရမ်းကားမှုများသည် ရဲများ၏ လက်တကမ်းအလို တွင် မွန်မြတ်လှသော အရသာထူး ဟင်းလျာများကို မြိုန်ရည်ယှက်ရည် စားသုံးနေသော ဘုရင်တစ်ပါး ကဲ့သို့ လုပ်ချင်ရာ လုပ်နေသော
လူတစ်စု ကို မည်သူ မှ ထိန်းချုပ်မှု မရှိပါ။



လူတစ်စု ဘက်တွင် ဆူပူသောင်းကျန်နေသည် မဟုတ်ပါ၊ လမ်းများအတွင်းတွင်ရှိသော ဘာသာခြားများ သည်လည်း မိမိတို့သက်ဆိုင်ရာ လမ်းများအတွင်း လူများကျွံထွက်လာပါက အဆင်သင့်အနေထားရှိနေပြီ ဟု သောပုံစံဖြင့် လမ်းမများထက်တွင်လူလုံးပြ၍ စိမ်ခေါ်နေသည့် အလားတွေ့ခဲရသည်။


ရဲများ နှစ်စုခွဲရပြီး၊ သွေးဆူနေသောလူအုပ်ကို တဖက်ကထိန်း၍ သွေးကြွနေသော ဘာသာခြားများ ကိုလည်း
စည်းမကျိုးစေရန် အသင့်အနေအထားဖြင့်ထိန်းနေရသည်။


“ရဲမှူး ဒီအတိုင်းလွှတ်ထားမှာလည်း ဖမ်းဆီးမှုမရှိဘူးလား” ဟု မေးမြန်းရာ။


“အကယ်၍ ကျွန်တော်တို ဘက်ကရိုက်နှက် ပစ်ခတ်ဖမ်းရင်လည်း ပြည်သူကို အနိုင်ကျင့်ပါတယ် လိုအပြောခံရအုံးမယ်ဗျာ၊ ဒါပေမဲ့ တရားဥပဒေဘောင်အတွင်းမှ ထိန်းသွားမှာပါ” ဟု သာ ပြောနိုင်သေးသည်။


သောင်းကျန်သူများ ပြောင်းလည်း သွားသော်လည်း အင်္ကျီ အနီရောင် ဝတ်ထားသူ… အင်္ကျီမပါဘဲ ဘောင်းဘီ အရှည် ဝတ်ထား သူ… ပုဆိုး နီညိုကွက် ဝတ်ထားသူ အပေါင်းအပါ ၁၀ ယောက်လောက် ကတော့ မပြောင်းလည်းဘဲ မျက်လုံး အစိမ်းရောင်များ ဖြင့် အပုပ်ချိန်များကို စားသုံးနေလေသည်။


''ဆရာ ဒီအတိုင်း လွှတ်ထားလို့မရတော့ဘူးထင်တယ် ''.......
''အေး!!! ဒိုင်းတွေ အသံပေးပြီး ခြောက်ထုတ်ကွာ ''

ဒုန်း!!
ဒုန်း!! ဒုန်း!! ရေ……… ဟုသော် ခြောက်လှန့်သံနှင့်အတူ လူတစ်စု ၈၃ လမ်းအောက်ဘက်သို့ ရွှေ့ပြောင်းသွားသည်။


ဒီနေရာတော်ပြီဟေ့!!! နိုင်လွန် အအေးဆိုင်ဘက် သွားမယ်…ဟု  ဦးဆာင်သူဟုထင်ရသူမှ လှမ်းပြောသည်။

ထိုအချိန်တွင် ရဲများ၏ အတွင်းစည်း တဖက်ခြမ်းတွင် ရောက်ရှိနေသော ဘာသာခြားများ သည်လည်း လမ်းမ ပေါ် ထွက် ၍ ဓါးအရှည်များ။ ဌက်ကြီးတောင် များနှင့် ကျွန်တော် တို့နားမလည်သော ဘာသာစကားများဖြင့် လှမ်းဆဲ၍ စိမ်ခေါ်နေလေသည်။


ထိုည အတွက် ထူးခြားမှုမှာ မော်တော်ဆိုင်ကယ် လ်ုင်စင်စစ်ရင်တောင် မလှန်းမကမ်းတွင် ရပ်ထားသော အချုပ်ကား တစ်စီး မှ မတွေ့ရပေ။


ဟာ!!! ၈၃ ပေါ်မှာ ချကုန်ပြီ…


ကုလားတွေ ဘက် ကလည်း ဓါးတွေ ဂွတွေနဲ့ လှန်းထု တယ်… ၈၃ ပေါ်မှာ လာတဲ့ ဆိုင်ကယ်မှန်သမျှ လိုက် ခုတ်နေတယ်… လူတစ်ယောက်တော့ ဓါးနဲ့ ခုတ်တာ ရှပ်ထိပြီး ဆေးရုံ ပို့လိုက်ရပြီ……… ဆိုသော အမင်္ဂလာ စကားများ လက်ဆင့် ကမ်းလာလေသည်။


ကျွန်တော်တို့သတင်းထောက်များ အရဲစွန့်ထွက်ခွာခဲ့ကြသည်။


တချို့ကတော့ လူစုခွဲ၍ သတင်းရယူနိုင်ရန် နီးကပ်ရာသို့ချဉ်းကပ်ကျရတော့သည်။ အမှန်ပြောရလျှင် ပဋိပက္ခမို့ မည်သူမှ မိမိအသက်ကို အကာကွယ်မပေးနိုင်ပါ။



နိုင်လွန် အအေးဆိုင်ရှေ့တွင် တဖက်နှင့် တဖက် အပြန်အလှန် ခဲများဖြင့် ပစ်ခတ်ကုန်လေပြီး။



ရဲများ ရောက်လာသည် လုံခြုံရေးအတွက်  ၂၆ဘီလမ်းx ၈၃ လမ်းထိပ်ရှိ၊ ယခင် ဝါးကပ်တိုက်ထိပ် (ဗဟိုပိုက်ဆိုင်) မှ  နှစ်ဖက် ပဋိပက္ခ ဆက်လက်မဖြစ်ပွားရေးအတွက် ထိန်းသိမ်းခြောက်လှန့်နေရသည်။


ထိုအချိန်ထိလည်း ရဲတပ်ဖွဲ့ဝင်များအတွက် လူလုံပြရုံမှ လွဲ၍ ထူးခြားသည့် အမိန့်တစ်စုံတစ်ရာ ထွက်မလာသေးပေ။



အချိန်ကာ နံနက် (၁) နာရီ ကျော်သို့ရောက်လာသည်။

ကျွန်တော် ရဲမှူး ကို မေးသည်။ 



''ဆရာ အခြေနေတွေရှုပ်ထွေး လာပြိ… အချိန်က စတင်ချိန်နဲ့ တွက် ရင် ၄ နာရီကျော်သွားပြီ ဒီထက်ဆိုးလာလျှင် ဘာဆက် လုပ်မလဲ ''



“အထက် က အမိန့် မကျသေးပါဘူး… ကျွန်တော်တို့ကတော့ ထိန်းသိမ်းရုံ ကာကွယ်ရုံဘဲ ရှိပါတယ်။ ဥပဒေ ကို ချိုးဖောက်သူတွေ ကိုတော့အရေးယူ သွားမှာပါ။ တရားဥပဒေနှင့်အညီဆောင်ရွက်သွားပါမယ် ” ဟု ရဲမှူးတစ်ဦးထံ မှ ထိုအဖြေသာရရှိသေးသည်။



အချုပ်ကား၊ မီးသတ်ကားများ ထွက်ပေါ်လာခြင်းမရှိသည်က လည်း မေးခွန်းထုတ်စရာဟုသာ မိမိစိတ်တွင်း မှတ်ချက်ပြုယုံသာရှိသည်။

ထိုအတူ ဈေးချို အောက်ဘက် မှ လူ ၁၀၀ လောက် ချီတက်လာသည်။



“ ရိုက်ကွာ…တွေ့တဲ့ ကုလားမှန်သမျှ အကုန်ရိုက်…. ဒီကောင်တွေ လူပါးဝတယ် ” ဟု တုတ်များ၊ ခဲများ ကိုင်ဆောင်၍ မိမိတို့အစုလိုက် အစုလိုက်တက်လာသလို၊ ကမ္ဘာမကြေ သီးချင်း ကို သံပြိုင်ပြု၍ အော်ဟစ်သီးဆိုနေသည့် ဆိုင်ကယ်များသည်လည်း ၂၆ ဘီလမ်းပေါ်တွင် လူးလာခေါက် ပြန် အော်ဟစ် သွားလာနေကြသည်။



ထူးခြားမှု မှာ လိုက်ထရပ် ကားတစ် စီး မသိမသာ ရေသန့်ဘူး များ လိုက်ဝေနေသည်ကို အမှုမဲ့ အမှတ်မဲ့သတိပြုမိလိုက်သည်။



လမ်းမထက်တွင်လည်း ခဲအကျိုးများ ဟိုတစ်စ ဒီတစ်စ များပြားလာချိန်တွင်............



“ ဂဠုန်နီဆရာတော်ကြွလာပြီ ဆိုသော အသံ……………” ထွက်ပေါ်လာလေသည်။



ဂဠုန်နီ ဆရာတော် ကြွလာပြီ………… ဆရာတော်နှင့်အတူ ရဟန်း ၇ ပါးကျော် နောက်မှလိုက်လာသည်။



ထိုအတူ ဘာသာပေါင်းစုံမှ အဖွဲဝင်များ ဝန်းရံလိုက်လာတာ ကို မြင်တွေ့ရသည်။



လမ်းမအထက်မှ လူများမှ…

'' ဟေ!!! ဆရာတော်တွေ ကြွလာပြီ… ဒီ ကုလားတွေ မျိုးဖြုတ်ကွာ " ဟုသော ဆော်ဩောသံများ မကြားတချက် ကြားတချက်မ်ု့… ရဲမှူးတစ်ယောက် ကတားသည်။

''ဆရာတော်တို့အန္တရယ် များပါတယ်…လူအုပ်ထဲ မဝင်ပါနဲ့ ....အနောက်ကနေနေပါဘုရား…''


ဆရာတော်။ ။ အေး ငါလူမျိုးအတွက် ငါထိန်းပေးမယ်… မင်းတို့သာ စည်းမပေါက်စေနဲ့……


'' လမ်းမ အထက်မှာ ရောက်ရှိနေတဲ့ သူများ ကိုယ်အိမ် ကို ပြန်ပါ… ဒီ ပဋိပက္ခ အတွက် ဆရာတော်
တို့ဖြေရှင်းပေးပါမယ်… လက်သည် တရားခံ ကို ရှာပေးပါမယ်'' ဟု ဟန်းစပီကာ ကိုင်၍ အော်ဟစ် ရှင်းလင်းနေသော်လည်း…



၁၀ ယောက်ထက်မပိုသော လူများအတွင်း မှ အနီရောင် အင်္ကျီ ဝတ်ထား သူမှ…


ဆရာတော် တပည့်တော်တို့အမျိုးဘာသာ စော်ကား ခံရတာပါဘုရား…  ခွင့်ပြုပါ……… 


ဆရာတော်မှ " ကဲ!! မင်းဘာမကျေနပ်တာလည်း ပြော......." 


'" ဒီကောင်တွေ လူပါးဝပါတယ်…သတ်ပစ်မှ ရပါမယ်… ဟု လှုံဆော် သူများ မှ တက်ကြွ နေသော်လည်း……


ဆရာတော် မှ လည်း ထိန်းသိမ်းလေသည်။

''ကဲ မင်းတို့ဘာလုပ်မှာလည်း… ပြန်ကြပါ " ဟုဆိုသော်ညား ဒေါသထွက်နေသော လူအုပ်ကြီး မှာ ၂၆ လမ်းအတ်ုင်း ဈေးချို ထောင့်သို့တရွေ့ရွေ့ ထွက်ခွာနေသည်။


အချိန်သိပ်မကြာခင် ကြားလိုက်ရသည်။ ၈၃ လမ်း ၂၅- ၂၆ ကြား ဘက်တွေ မှာ ဘာသာခြားများ ဘက်မှ လည်းထွက်ဆော်နေဟုသတင်းများ ထွက် လာပြန်သည်။



ဘာသာခြားများ ဘက်မှ လည်း လက်တုန့်ပြန်မှု လေးခွ နဲ့ ပြန်ပစ်မှုတွေ ကြားသိခဲ့ရသည်။



တာဝန်ရှိသူများမှ လမ်းသွားလမ်းလာ ပိတ်ဆို့ဘယ်ရီဂိတ်များ ချ ပိတ်ဆို့လိုက်သည်။



၈၃ လမ်းမ ထက်တွင် တဖက်နှင့် တဖက် အားပြိုင်မှုတွေ များလာလေသည်။



ထိုအချိန်တွင် သတင်းထောက်များ သည်လည်း လူလားခေါက်တုန်လမ်းလျှောက်သတင်းယူနေရသည်။



၈၂ လမ်းတွင် လုံခြုံရေးတိုးမြှင့်ချလိုက်ပြိး....



" ညီလေး တို ဘယ်တပ်ရင်း ကလည်း "



" ဟုတ် ..ကျွန်တော်တို တိုင်းအရန်ကပါ...."



"အထိကရုဏ်း နှိမ်နှင်းရေးတွေ မတွေ့ပါလား..."



"အဲဒါတော့ ..မသိဘူးဗျ..." လုံခြုံရေးအတွက် ကားများဖြင့် တစ်စီးပြီး တစ်စီးဝင်လာသည်။



လူမှုကူညီရေးကားများ တစ်စီးစ နှစ်စီးစ လူနာများ သယ်ဆောင်သွားသော်လည်း မည်သူမည်ဝါ ဆိုသည်ကို
တော့ မသိရိုး အမှန်။




ထိုအချိန်တွင် ကျွန်တော် တို့ဘေးတွင် ခုနာ ပဋိပက္ခလှုပ်ရှားမှုတွင် ဒဏ်ရာရသော လူတစ်ဦး မှ
အကို ကျွန်တော် သွေးတွေ အရမ်းထွက်နေတယ် ဟု ညည်းညူးလာသည်။




ကျွန်တော် ထံ ဆေးမပါပါ။



" မီးစက်..ရော့.... ငါ မှာဆေး ပါလာတယ်...အဆောင်ထဲထားတာ...ဒါ ဖွင့်ဖြူးပေးရအောင် " ဟု ဧရာဝတီ သတင်းထောက် မှ လှမ်းပြောပြီး.. လူနာ အား ဆေးထည့်ပေးနေပြီး၊ သူသည် မြတ်ပါးရပ် ဘက်မှာနေတာပါ၊ သူ လူမှုကူညီရေးအသင်း ကို ကားခေါ်ထားပါတယ် ဟု ပြောလိုက်သည်။



လူနာအား အကာကွယ်ရှိရာနေရာတွင်ထား၍ ဆရာတော် ဘုရားများနောက်သို့သတင်းသမား တို့လိုက်ခဲ့သည်။



"ကဲ... ဘုန်း ဘုန်းပြောမယ်... အားလုံး ခဏ နားထောင်ပါ....မင်းတို့လူစုလူဝေး အကြမ်းဖက်မှုတွေ ရပ်ပါ..ဒီပြဿနာ ဒီ အတိုင်း ရှင်းလို့မရပါဘူး..တရားခံ ကိုဖော်ထုတ်ရပါမယ်... ဒီဘက် က တာဝန်ရှိသူများလည်း ဖြေပါ...
အားလုံးထိုင်ပါ..." ဆရာတော်မှ မိန့်သည်။




"ဘုန်းဘုန်းတို့ဖယ်နေပါ..ဒီည အပြတ်ရှင်းမှရပါမယ်... တပည့်တော် တို့တာဝန်ထားပါ..."


"ဟေ့ ဒကာ မင်းထိုင်နေစမ်း..ဘာတုန်းကွ...လုပ်ချင်တိုင်း လုပ်လို့မရဘူး..."


"တင်ပ..ဘုရား " ဆရာတော် ဘုရားများ ထိန်းနေသော်လည်း.. မူးယစ်နေသောလူတစ်စုသည် အင်းအားပို၍ ကြီးထွားလာသည်။



ဆရာတော်များ အနေဖြင့် ပြည်သူကို ထိန်းသိမ်းရသလို တာဝန်ကျရဲများ အားလည်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များဖြင့် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည် ကို ဖိအားများပေးနေရသည်။



" အေး မင်းတို့ရဲ ဘက်ကလည်း ဘာတာဝန်ယူမှာလည်း... အခု ဒီအတိုင်းသွားရင် နှစ်ဦးနှစ်ဖက် အထိနာကုန်မယ်။
ဒါကနေမှ ဒီအတိုင်းကြည့်နေရင် မြို့ပျက်သွားလိမ့်မယ်... မူလ တရားခံ နှစ်ယောက် ကရော ဘယ်မှာလည်း.... မင်းတို့ဘာလုပ်မှာလည်း...." ဟု ဆရာတော်မှ ခရိုင်ရဲမှူးနှင့် အခြေတင် စကားပြောနေသည်။




"တပည့်တော် တို့စီစဉ်ထားပါတယ် ဘုရား.. မိမိတို့အပိုင်း နဲ့မိမိတို့နယ်မြေ တာဝန်ယူရသည်မို့အလုံးစုံကို
အချိန်တခဏအတွင်း မဖြေရှင်းပေးနိုင်သော်လည်း၊ လက်ရှိအခြေအနေ အရ ဒီဘက်ပြည်သူကိုတော့ ဝိုင်းဝန်း ထိန်းသိမ်းပေးပါ ဘုရား၊ အရှင်ဘုရား တို့မှ လူအုပ်ကို ငြိမ်သက်အောင်သာ ထိန်းသိမ်းပေးပါ ဘုရား၊ နောက်နေ့
တရားဥပဒေ အရ တပည့်တော် တို့ဆက်လက်ဆောင်ရွက်သွားမှာပါ ဘုရား" ဟုသာ ဖြစ်ပေါ်နေသော
အခြေအနေအရ ခရိုင်ရဲမှူးမှ ပြောနိုင်သေးသည်။




၈၃ လမ်းဒေါင့်တွင် ပြဿနာအေးချမ်းအောင် ထိန်းသိမ်းနေသော်လည်း၊ ၈၂ လမ်းဘက်တွင် တစ်မျိုး၊ ၂၆ဘီလမ်းအောက်ဘက်အခြမ်းတွင် တသွယ် လူတစ်စုဟု သုံးနှုန်းထားသော မူးရစ်နေသူများ ပြဿနာ လူအုပ်ကြီး ပို၍သာ တိုးမြှင့်လာသည်။



"ရဲမှူး ဒီထက်ပိုပြီး ဘာလုပ်ဖို့အစီအစဉ်ရှိပါသလဲ... ဒီထက်ဆိုးလာရင် ဘာလုပ်မလည်း..." ဟု သာ သတင်းဌာန အသီးသီး မှ သတင်းထောက်များ ၏ မေးခွန်း  အားရင်ဆိုင်ဖြေရှင်းနေရသော်လည်း အထက်အမိန့်မကျသေးဘူး... မြို့ရွာတည်ငြိမ်ရေး ကိုသာဦးစားပေးတာပါ.. စည်းကမ်းမဲ့သူတွေ ကို ထိန်းသိမ်းအရေးယူသွားမှာပါ..ဟု သာ ရဲမှူးများပြောကြားနိုင်ချိန်ဖြစ်နေသည်။



ထိုအချိန်သည် ယဉ်ကျေးမှုနှင့်နေသော မန္တလေးဟု ဆိုလျှင် ယုံနိုင်ဖွယ်မရှိပေ။



ဒေါသထွက်နေသော လူအုပ်ကြီးအား ဂရုစိုက်စွာဖြင့် မိမိတို့ပြေးပေါက်အတွက် နေရာယူနေရချိန်လည်း ဖြစ်နေသည်။



(၃၅) လမ်းဘက်တွင်လည်း အခြေအနေ မကောင်းဟု ကြားသိရသည်။



ည(၂)နာရီ ဝန်းကျင်အချိန်....



၈၁လမ်းထိပ်မှာ ဆိုင်ကယ် နဲ့ပြန်တဲ့... မြန်မာကောင်လေး ကို ဘာသာခြားတွေ ထွက်ရိုက်ကုန်ပြီး ဟု သတင်းထွက်လာသည်။ ဆိုင်ကယ် သမားများလာပြောကြသည်။ ရဲ တပ်ရင်း အလုံးအရင်းဖြင့် ၈၁ လမ်းထိပ် သို့ညာသံပေး ချီတက်လာသည်။


ဖောင်း...ဖောင်း...ဖောက် ဆိုသော ဂွများဖြင့် ရွှေတိုက်ဝင်းအတွင်းမှ လှမ်းပစ်သည်။



လူတစ်ဦးတစ်ယောက်မှ ထိမှန်ခြင်း မရှိသော်လည်း.... ရွှေတိုက်ဝင်း ကို ရဲ များနေရာအသင့်ယူဝိုင်းလိုက်သည်။



ထိုအချိန်တွင်လည်း အတွင်း မှ ဂဲများ၊ လောက်စလုံးများ ပစ်ခေတ်နေဆဲဖြစ်သည်။



ဒေါသထွက်နေသော လူများသည်လည်း လမ်းမပေါ် အပြည့်..... လက်လှမ်းမှိရာဘာသာခြားများ ပိုင်ဆိုင်သည် ထင်သော နေရာ တချို့ကို ဖျက်ဆီးနေပြန်သည်။



ကြားလိုက်ရသည်။

"ဖောင်း........................................ ဖောင်း...................................... ဖောင်း " ဆိုသော ရာဘာကျည်ဆံ ဟု ထင်ရသော သေနတ်ပစ်သံ ၃ချက်ကို ကြားလိုက်သည်။



ကျွန်တော် တို့နီးရာမှ ဝပ်ထိုင်လိုက်မိသည်။



အသံငြိမ်သွားသည်။ကျွန်တော် နှင့်အတူ ဘကြီးအောင် ၊ခိုင်မြဲ၊ ကိုတေဇ ပြေးလိုက်လာသည်။

"မင်းတို့ဘယ်သူတွေ လည်း "

"သတင်းယူမဲ့ မီဒီယာ အဖွဲ့ပါ " ဆိုတော့ ဝင်ခွင့်ပေးသည်။

ထိုကဲ့သို့သောအချိန်ထိ နယ်လုံ ကို ကျွန်တော် မမြင်သေးပါ။


နယ်လုံကို မြင်ဖူးရခြင်းသည် လည်း ကံကောင်းခြင်း ရတနာ အလုပ်သမား များဆန္ဒပြ ချီတက်လာစဉ် ကသာ တိုက်ဆိုင်၍ မြင်ဖူးခဲ့သည်။ ရဲမှူးကြီး တစ်ဦး မှ ရွှေတိုက်ဝင်းအတွင်း ဝင်ရောက် နှိမ်နှင်းရန် အရှေ့ အနောက် အပေါက်များပိတ်ဆို့ရန် အမိန့်ပေးချိန် တွင် ဂဠုန်နီဆရာတော် ဦးဆောင်သော သံဃာများမှ တံခါးဖွင့်ပေးရန် အထဲ နှင့်အပြင် ဆက်သွယ်နေလေသည်။



"ဆရာတော် ဘုရား တို့အနောက်ဆုတ်ပါ.. တပည့်တော် တို့ဖြေရှင်းပါမည် " ဟု အတွင်တွင်ပြောကာမှ ဆရာတော် တို့နောက်ဆုတ်ပေးသည်။



အစ်မ အင်တာဗျူးလို့ရမလား ဟု ဘကြီးအောင် မှ အမျိုးသမီးတစ်ယောက် ကို မေးသံကြားလိုက် မိလို့လည့်ကြည့်ရာ....



" ဟုတ် ကျွန်မ မိုးကုတ် ကပါ.... လမ်းမှာ လာနေတုန်း လောက်စာလုံးလို ထင်ရတဲ့အရာတစ်ခု ကျွန်မရင်သားအထက် ကို လာမှန် ပါတယ်.. နောက် ကျွန်မတို့ရှေ့တင် ဆိုင်ကယ်နဲ့ကလေး ကို
ဝင်ရိုက်တာပါ.. လူတွေ များ လာလို့ဒီဝင်းထဲ ဝင်းပြေးသွားတယ်... ၁၀ယောက်လောက်ရှိမယ် ထင်တယ် " ဟု ခံခဲ့ရသူ အမျိုးသမီးမှ ပြောသည်။




အထဲဝင်မည် ဟု ဟန်ပြင်နေသော်လည်း အထက်မိန့်မကျလိုဘဲလား..ဘာကြောင့်ဆိုလား ဆိုသကဲ့သို့မည်သူမှ ဝင်ရောက်ခြင်း ကိုမူ မတွေ့ခဲ့ရပေ။



သို့ရာတွင် အချိန်အခါ မဟုတ် ...၂၆ လမ်းထိပ် ဗလီ အထက် မှ ဘာသာရေး ဝတ်ရွတ်သံ တစ်ခု ကျယ်လောင်စွာ ထွက်လာလေသည်။



ငြိမ်သက်နေသော ဒေါသထွက်နေသောလူများလည်းအသင့်အနေဖြင့်လမ်းမပေါ် ပြန်ရောက်လာသည်။

ဇာတ်လမ်း အစမှ ယခု အချိန်ထိ လူနာလေးဦးဆေးရုံပို့လိုက်ရပြီ ဟု သာသိရသေးသည်။



မနက် (၃) နာရီကျော်လာသည် မူးရစ်ယမ်းကားနေသောလူများ ကို မိမိတို့အိမ်ပြန်ရန် ဆရာတော်များ ဖြောင့်ဖျ
ထိန်းသိမ်းနေသည် ကို တွေ့ရသော်လည်း လူဆယ်ဦးထက် မပိုသော လူတစ်စု ကတော့ ရှိနေဆဲ အချိန်ဖြစ်သည်။
တဖြေးဖြေး လူကွဲသွားသည်။




ကျွန်တော် နှင့်အတူ သတင်းထောက် တချို့ ၈၂ လမ်းဒေါင့်တွင် ထိုင်၍ ထူးခြားမှုအားစောင့်နေရသည်။



"ဒီလမ်းထိပ် က ဘယ်သူတွေ လည်း... အဖမ်းခံချင်တာလား... ကိုယ်အိမ် ကို ပြန်ပါ " ဟု ရဲမှူးဟု ယူဆရသော အရပ်ဝတ်နဲ့လူ အာဏာ လာပြပြန်သည်။



သတင်းထောက်ထဲမှ...


"ဒီနား မှာ လူစိမ်းတစ်ယောက်မှ မရှိဘူး၊ သတင်းထောက် တွေ ထိုင်နေတာ... ခင်ဗျား တို့ကို ဘာနှောက်ယှက်လို့လည်း......." ဟု ဘုတောတော ၍ အားလုံးက ပြန်ပြောတော့...



ဟာ..မဟုတ် ပါဘူးဗျာ.... ဒါဆိုလည်း ဒီဘက် လာထိုင် ပါဟု.... လမ်းဘေးဆိုင် တစ်ခု ၏ ခြေတက်ခုံပေါ် တွင် နေရာပေးလေသည်။



လုံခြုံရေး ကင်းသမားများလည်း ကျွန်တော်တို့နီးတူ ကင်းစောင့်နေရဆဲ ပင်။



သတင်းသမားများဝေဖန်နေကြပြီ။ သူတို့ ဘာကြောင့် မျက်စိအောက် တွင် ဖျက်ဆီးနေသောလူတစ်စု ကို မဖမ်းတာလည်း။ မထိန်းသိမ်းတာလည်း။ ၃၅ လမ်း ပဋိပက္ခတောင် တခဏ အတွင်း ထိန်းနိုင်တာ...မိးသတ်ကား တွေ ဘာလို့မထွက်တာလည်း... အထိကရုဏ်း နှိမ်နှင်းရေးတွေ ဘယ်ရောက်ကုန်လည်း......ဝန်ကြိးချုပ် မသိဘူးလား.... အလွယ်တကူ ထိန်းလို့ရတာ ကို မရှည် ရှည်အောင် ဆွဲနေပြီ.... ဖြစ်စဉ် အမှုကရော အမှန်လား.... ဟု လား..လား...လား... ဆိုသော မေးခွန်းများနဲ့ခေါင်းခြင်း ဆိုင်ကုန်ကျသည်။



မနက် (၄) နာရီ ထိုးခါနီပြီ....

သတင်းသမားတွေ အချင်းချင်း ညိ၍ သူဆိုင်ရာ ဆိုင်ရာ နယ် ဘက်ကို လူစု ပြန်ကြရသည်။



ကျွန်တော်တို့ ၂၆ ဘီလမ်းအောက် ဆင်းချိန်တွင် ရတနာပုံ ထီဆိုင် အနီး ဒေါသထွက်နေသောလူအုပ်ကြီးတစ်စု တွေ့လိုက်သည်။



အဝေးမှဖြစ်၍ မည်သူမည်ဝါဆို တာမသိသော်ညား ရဟန်း ၅ ပါးလောက် ကိုတော့ လှမ်းမြင်မိသည်။ အိမ်ပြန်လာသည်။ မနက် အိပ်ယာ မနိုးသေးပါ။



နံနက်၇ နာရီ ဖုန်းဝင်လာသည်။ ကားတစ်စီးမီးရှို့ခံရသည် တဲ့......... ဇာတ်ရှိန်တက်လာပြန်လေပြီ။



( ၂.၇.၂၀၁၄ )

ထိုနေ့မနက်တွင် တိုင်းဒေသရဲတပ်ဖွဲ့ရုံးတွင် အာဏာပိုင်များမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။



ဒါဟာလည်း ပဋိပက္ခဖြစ်လာလေတိုင်း လုပ်နေကျဖြစ်သလို၊ကျွန်တော် ကိုယ်တိုင်လည်း မနေ့ညက ပင်ပန်းခဲ့တဲ အရှိန်ကြောင့်မရောက်ဖြစ်ခဲ့ပေ။



မြို့တွင်း မှာတော့ ညပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအပေါ် ဝေဖန်သံများ၊သုံးသပ်မှုများဖြင့် တောင်စဉ်မရေရာ ဘ၀နှင့် ဖြတ်သန်းနေသည်။



လူစိမ်းတစ်ဦးမြင်လျှင် သူဘယ်သူလည်းဆိုသော မျက်လုံးများဖြင့် အဓိပ္ပါယ်ဖွဲ့ဆိုနေကြသည်။



ဖေ့ဘုတ်လူမှုကွန်ယက်၏ စာမျက်နှာထက်တွင် အကြောင်းအမျိုး စုံလင်လှသော ဝေဖန်မှုများသည်လည်း လူတွေ၏ သံသယကို အမှားဘက် သို့တွန်းပိုနေသယောင်ပင်ဖြစ်ပေါ်လေသည်။



နေ့တစ်နေအချိန်ကုန် သွားသည်။ စိုးထိတ်မှုများဖြင့် ညအမှောင်သို့ စက္ကန့်များ တရွေ့ရွေ့လှမ်းလာလေသည်။



တာဝန်ရှိသူများ မှ မြို့တွင်းလုံခြုံရေး နယ်မြေလုံခြုံရေး ရပ်ရွာလုံခြုံရေး အား မနေ့ကထက် တိုးချဲ့ဆောင်ရွက်ထားသည်။



အချိန်သည်ကား….



ည(၁၀)နာရီ ဝန်းကျင်သို့ ကူးပြောင်းလာလေသည်။



“ ဒုန်း….ဒုန်း…ရေ..ရေ…ဒုန်း..ဒုန်း….ရေ…ရေ …”” ဟု ညာသံပေး၍ မိမိတို့ကာကွယ်ထားသော ဒိုင်းများအား နံပါတ်တုတ်ဖြင့် ရိုက်နှက်ကာ တပ်လှန့်သံနှင့် အတူ….



၂၆ဘီလမ်းမ အထက် တွင် လမ်းအပြည့်နီးပါး လုံခြုံရေးရဲဘော်များ နှင့်အတူ၊ ရဲမှူးများ၊ ရဲကားများအနောက်ဘက် ဂွေးချိုတိုက်ဆီသို့ ညာသံပေး၍ခြောက်လှန့်နေသည်။



ကျွန်တော်ရောက်သွားတော့ ရဲများအား အကာကွယ်ယူ၍ ကြည့်လိုက်ရာ  ဆိုင်ကယ် များ နှင့် ဆူပူလှုံဆော်သူများ ဟုယူဆရသူ (၁၀၀) ကျော်ကို တွေ့လိုက်သည်။



“ငါ -ိဳးမ…ရဲတွေ… ကိုယ်လူမျိုးကျ ရိုက်ချင်တယ်…ဖမ်းချင်တယ်…နှိပ်စက်ချင်တယ်…. ပထွေး…ကု-ားကျ အဖေခေါ်နေတယ်….” စသော မကျေနပ်သံများဖြင့် အော်ဟစ် ကာ နောက်သို့တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။



ခြောက်လှန့်နေသောရဲ များထံ ခဲဟု ယူဆရသော အရာပစ္စည်းများ တချက်ချက် လှမ်းပစ်သံကြားရသည်။



ထိန်းသိမ်းနိုင်သည်ဟု ဆို၍ရမလား….. ကျွန်တော်တို့သတင်းသမားများ ထံဖုန်းတချက်ဝင်လာသည်။



၇၃လမ်းမပေါ်တွင် ကုလား တချို့က ထွက်ရိုက်လို့ဆိုင်ကယ်သမား တချို့ မှောက်သွားတယ် ဆိုသောသတင်း…. ခေါင်းနဘမ်းကြီး သွားသည် ။



ထို အရပ်သည် တနည်းပြောရသော် တက္ကသိုလ်နယ်မြေနှင့် မလှမ်းမကမ်းတွင် ဖြစ်၍ ကျောင်းသား တွေ ပါလာပါကဆိုသော အတွေး…. ဘုရားတ ၍ ဘာမှ မဖြစ်ပါစေ နှင့် ဟု သာဆုတောင်းရင်း ၇၃လမ်းဘက်ကို ချီတက်ခဲ့လေသည်။



ထူးခြားမှုအနေဖြင့်မတွေ့ရသော်လည်း…၃၅ လမ်းပေါ်တွင် လူအများ စုရုံး စုရုံဖြစ်နေသည်။ တွေ့ပါပြီ။



၇၄x၇၅ ကြားတွင် ဆိုင်ကယ် နှစ်စီး ရိုက်ချိုးခံထားရသည်။ သွေးကွက်ဟု ယူဆရသော အရာတွေမြင်ခဲ့သည်။



“ အဘ.. ဘယ်လို ဖြစ်လည်း..အဘ” ဟု ရဲမှူး ထံကျွန်တော် တို့သတင်းစုံစမ်းသည်။



တာဝန်ရှိသူများ ကလည်း နယ်မြေက သတင်းပေးပို့မှုဖြင့်ရောက်လာသည်မို့ တိကျသေချာသောသတင်း အရင်းအမြစ်ကို မပြောနိုင်သေးပေ။



ပတ်ဝန်းကျင်အားစုံစမ်းကြည့်တော..



“ကျွန်တော် မြင်လိုက်တယ်.. မြန်မာတွေ မြန်မာတွေ ရိုက်ရိုက်..ဟု ပြောပြီး ထွက်ရိုက်တာ….နှစ်ယောက် မှောက်သွားတယ်… အခု ဆေးရုံခေါ်သွားပြီ…..” ဟု အမည်မသိသော လူတစ်ဦးမှ သတင်းလာပေးသည်။



ကျွန်တော်တို့သတင်းသမားများ အတွက် သူစကား ကိုယုံကြည်အတည်ပြု၍ မရသေးပေ။



အရိုက်ခံရတာဖြစ်ကောင်းဖြစ်မည်။ ဘာကြောင့် အရိုက်ခံရသည် ဆိုတာတော့ မသိခဲ့ပါ။ မီဒီယာ သမားများ ပုံစံခွဲ၍ သတင်းအရင်းမြစ်ကို လိုက်ရှာသည်။



ပုံစံအမျိုးမျိုး အဖြေအမျိုးမျိုး နဲ့သာ ထွက်လာလေသည်။


အချိန်သည်ကား....

(၁၁)ဝန်းကျင် သို့ရောက်ရှိတော့မည်ထင်သည်။

ကျွန်တော်တို့သတင်းသမားတွေ စုလိုက်သည်။

ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ အားလုံးညီညွတ်ပါ ဟုသာအရေးကြီးချိန်တွင်သွေးစည်းခဲ့မှု သည် ထင်မထားလေသော ကောင်းမွန်သောစနစ်ကို တွေ့ခဲ့ရသည်။



၃၅ လမ်းအတိုင်း အနောက်သို့ခရီးဆက်ခဲ့သည်။ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ပါပြီ။



၈၄လမ်းx၃၅ လမ်းထိပ်တွင်ဒေါသထွက်နေသောလူအုပ်ကြီးအား၊ လက်များတွင် တုတ်၊ဓါး၊လက်နက်များနှင့်အတူ ဂဲများကိုင်ထားလေသည်။ ကျွန်တော်တို့ စီးလာသော ဆိုင်ကယ် ကို ၈၃x၈၄ ကြားတွင်ရပ်လိုက်သည်။



ဘာဆက်လုပ်မလည်း အခြေနေ တိုင်ပင်ချိန်တွင်…

“ဟိုမှာတွေ့လား…သတင်းထောက်တွေ….ထုကွာ…ဒီကောင်တွေ ဓါတ်ပုံအရိုက်မခံနဲ့” ဟု အသံ သဲ့သဲ့တခုကြောင့် အားလုံးနောက်လှည့်ပြီး အပြေးမောင်းခဲ့ကြရသည်။



ဘာကြောင့် သတင်းမီဒီယာအပေါ် မုန်းတီးမှုတွေဖြစ်နေလည်း ဆိုတာ မတွေးတက်ပေ။



ကျွန်တော်တို့အတွက် ကာကွယ်ပေးနိုင်မည့် လုံခြုံရေးများရှိရာသို့ပြန်ပြေးရသည်။အခြေအနေ သည် အညိုရောင် အဆင့်မှ အမဲရောင်အဆင့် သို့ပြောင်းလာလေပြီလား?



ထိုမရှေးမနှောင်းအချိန်တွင် စရဖ လို့ခေါ်မလား၊ သတင်းအင်ဖော်မာ လို့ခေါ်မလား၊ အရပ်ဝတ်နှင့် လူတစ်ဦး စက်အတွင်း သတင်း တစ်ခုဝင်လာသည်။ ၃၄လမ်းx၈၃ လမ်းဘက် မှာ ပြဿနာတက်နေသည်။

ရဲအင်အားများစွာ နှင့် ပန်းဆက်ဗလီဘက်တွင်လည်း လူတွေစုဝေးနေသည် ဆိုသည့်သတင်းနှင့်အတူ၊
ပျံကျဲနေသောလူအုပ်များသည် ဟိုတစ်စု ဒီတစ်စု သတင်းတွေ ထွက်ပေါ်လာလေသည်။




ရဲတာဝန်ဝင်တွင် ရာထူးခပ်မြင့်မြင့် စီးနှင်လာသော ကားတစ်စီး ရောက်လာသည်။ ထိုကားအားခြံရံ၍
နယ်မြေပတ်ကင်းများနှင့်အတူ သတင်းသမားများလည်း နောက်မှ လိုက်ကာ သတင်းလိုက်ယူရလေသည်။




၃၅လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးရိုက်ချိုးထားသည်။



အလင်းမဲ့နေသော လမ်းများထက်တွင် မန္တလေးမြို့ခံသတင်းသမားများ ကိုင်တွယ်နိုင်သော ကင်မရာများ သည် အမှောင်ထု ကို မထိုးဖောက်နိုင်ပေ။

မျက်မြင်သတင်းရရှိရေးကိုသာ အားပြုရင်း မိမိတို့အသက် ကို မတွေးတောမိတော့ပါ။



ကျွန်တော် တို့ပန်းဆက်ဗလီ ဘက်ရောက်တော့ အခြေနေသည် အေးဆေးဖြစ်နေသည်။ နယ်မြေတာဝန်ယူထားသော လုံခြုံရေးများသည် လည်း မိမိတို့တာဝန်အတိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းနေသည်။



သို့ရာတွင်

ကျွန်တော်တို့နားမလည်သည်က…မိမိရှေ့တွင် ဒုတ်၊ဓါး လက်နက်များ ကိုင်ဆောင်ထားသည့် ဆူပူနေသူများ ကိုထိရောက်အောင်ဘာကြောင့်မနှိမ်နှင်းတာလည်း၊



ဖေ့ဘုတ်စာမျက်နှာများတွင်လည်း စုတ်ပြတ်နေသော အင်တာနက်လိုင်းများ မှ…သတင်းစောင့်ဖတ်သူများ စိုးရိမ်နေသူများ၊ နှစ်ဖက်လော်ဘီများ၏ စကားလုံးတိုက်ခိုက်မှုများဖြင့် ပြင်းထန်လွန်းချိန်သည် အလွန်ကြောက်စရာကောင်းသော အနေထားဖြစ်နေသည်။

ထိုအချိန်တွင် ဝင်ရောက်လာသည့် သတင်းက………….



(ကျန်သော အပိုင်းများအား အခြေနေအေးဆေးတည်ငြိမ်သွားသော အချိန်တွင် ဆက်လက်ရေးပါမည်။
ဖြစ်စဉ်တစ် ခုအနေဖြင့်သာ ဖတ်ရှုပေးပါ ခင်ဗျာ)

