(နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင်)
EmDrive လို့ခေါ်တဲ့ အင်ဂျင်မှာ ဂျက်အင်ဂျင်လို တွန်းကန်ထုတ်လွှတ်တဲ့ အရာတစ်ခုမှ မပါပါဘူး။ အဲ့ဒါကြောင့် အဟုန်တည်မြဲမှုနိယာမကို ချိုးဖေါက်တဲ့အတွက် အလုပ်မဖြစ်နိုင်ဘူးလို့ အချို့က ယူဆပါတယ်။ EmDriveတည်ဆောက်ပုံကတော့ အလုံပိတ်ထုလုံးရှည်ရဲ့ မျက်နှာပြင်သေးတဲ့ တစ်ဘက်စွန်းကနေ microwave ထုတ်လွှတ်ပေးတဲ့အခါမှာ ဘေးဘက်နံရံကို အကြိမ်ကြိမ် လှိုင်းရိုက်ခတ်မှုတွေဖြစ်ပြီး မျက်နှာပြင်ကျယ်တဲ့ တစ်ဘက်စွန်းကို ပိုမို တုန်ခါစေခြင်းဖြင့် ထွန်းကန်အားကို ရရှိမှာ ဖြစ်ပါတယ်။ EmDriveရဲ့သဘောတရားကို တွေးခေါ်တီထွင်သူကတော့ Roger Shawyer ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီအင်ဂျင်ကိုတည်ဆောက်ခဲ့စဉ်က 17mN ပဲတွန်းကန်အားရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တရုပ်နိုင်ငံသုတေသီYang Juan နဲ့အဖွဲ့က တည်ဆောက်တဲ့ အင်ဂျင်ကတော့720mN တွန်းအားရရှိခဲ့ပါတယ်။ အခုအခါမှာတော့ နာဆာရဲ့ စိတ်ဝင်စားမှုရရှိလာပြီး အာကာသ ခရီးရှည်သွားမယ့် ယာဉ်တွေမှာ အသုံးပြုဖို့ သုတေသနပြုနေပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−
(အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover)
အင်္ဂါဂြိုဟ်မှာ လက်ရှိလှည့်ပါတ် သွားလာပြီး လေ့လာနေတဲ့ Curiosity Mars rover လိုမျိုး နောက်ထပ် Mars rover အသစ်တစ်စီးကို ၂၀၂၀ မှာထပ်လွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒီယာဉ်အသစ်မှာ အရုံခံကိရိယာ ၇မျိုးတပ်ဆင်မှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၉၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Mars rover အသစ်မှာတော့ ဘက်တီးရီယားအရွယ် သက်ရှိတွေအထိ ရှာဖွေနိုင်မယ့် ကိရိယာတွေပါဝင်မယ့်အပြင် လေထုထဲကနေ အောက်စီဂျင် ထုတ်လုပ်နိုင်မယ့် ကိရိယာ ပါဝင်ပါတယ်။ အောက်စီဂျင် ကို နောင်တစ်ချိန် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် သွားရောက်တဲ့ အခါမှာ အသက်ရှူဖို့အပြင် ဒုံးပျံလောင်စာအဖြစ် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−
(ဂျပန်နိုင်ငံရဲ့အာကာသ အမှိုက်ရှင်းလင်းရေး)
ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီး ကမ္ဘာပါတ်လမ်းကြောင်းထဲက ဂြိုဟ်တု အပျက်အစီးဟောင်းတွေကို စောင့်ကြည့် ရှင်းလင်းသွားဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို 'fourth battlefield' လို့အမည်ပေးထားပြီး Okayama မြို့မှာ ရေဒါစနစ်တွေတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် ကမ္ဘာပါတ်လမ်းကြောင်းထဲမှာ အပျက်အစီး အပိုင်းအစပေါင်း ၅သိန်းလောက် ရှိနေပြီး တစ်နာရီ ၁၇၅၀၀ မိုင်နှုံးနဲ့ ရွေ့လျားနေကြတဲ့အတွက် ဂြိုဟ်တုတွေကို ထိခိုက်မှု ရှိလာပါတယ်။ ၂၀၀၇ ခုနှစ်က တရုပ်နိုင်ငံက ဂြိုဟ်တုဖျက် ဒုံးခွင်းစနစ်ကို စမ်းသပ် ခဲ့တာတစ်ခုထဲကပင် အပိုင်းအစ တစ်သိန်းခွဲ ပြန့်ကျဲကျန်ခဲ့ပါတယ်။ အခုလို အာကာသ အမှိုက်တွေ ရှင်းမယ့် အစီအစဉ်မျိုးကို ဆွစ်ဇာလန်နိုင်ငံ ကလည်း CleanSpaceOne အစီအစဉ်ကို အကောင်အထည်ဖေါ်နေပါတယ်။


No comments:
Post a Comment
Note: Only a member of this blog may post a comment.