Tuesday, May 07, 2013

This country and those people

အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်နဲ့ ရွက်လွှင့်ခဲ့တဲ့ ဒီတိုင်းပြည်ကို ကမ္ဘာက လှည့်ကြည့်တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ အစိုးရ အတိုင်းအတာတစ်ခုအထိ လက်တွဲနိုင်လာကြတယ်။ ဒါပေမယ့် တော်လှန်ရေးကား မပြီးသေး။ ဆက်လျှောက်ရမယ့် လမ်းတွေအများကြီး ကျန်သေးတယ်။ ဒီတိုင်းပြည်ကို ပျော်ရွှင်ခြင်းတိုင်းပြည်ကြီး ဖြစ်လာစေချင်သေးတယ်။ တချိန်က ဒီ facebook ဆိုတဲ့ နယ်မြေသစ်မှာ ဒီတိုင်းပြည်ရဲ့ တော်လှန်ရေးသမားတွေ တောက်ပခဲ့ကြတယ်။ ကြံ့ဖွတ်တွေ၊ ရုရှကစစ်ခွေးတွေ comment စစ်ပွဲတွေမှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြတယ်။ အခုတော့ အရာရာပြောင်းလဲခဲ့ပြီ။ ကြံ့ဖွတ်တွေ၊ ရုရှကစစ်ခွေးတွေ ရဲ့ အစ္စလမ်ဘာသာကို မဟုတ်မတရား ရေးသား လုပ်ကြံဝါဒဖြန့် တွေမှာ ထောက်ခံသံတွေ သောင်းသောင်းဖြဖြ နဲ့ ဒီလူထုဟာလေ မကောင်းမှုကို မြိန်ရည်ရှက်ရည် တည်ခင်းစားသောက်ကြပြီ။ ၉၆၉ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗုဒ္ဓဘာသာကို ကာကွယ်မည့် လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်သမားတွေ ဟာ အစ္စလမ်ဘာသာဝင်တွေ ကို အပြီးတိုင်ခြေမှုန်းရေး လမ်းစဉ်နဲ့ လူတွေသတ်၊ ဗလီတွေဖျက်၊ အိုးအိမ်တွေ ဖျက်စီးကြတယ်။ facebook comment တွေမှာတော့ သူတို့တွေ အောင်သေအောင်သားစားနေကြလေရဲ့။ နှလုံးသားရှိသူ ရှားပါးလာခဲ့ပြီ။ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ ပြောခဲ့တဲ့ ဒီလူထုဟာ ယဉ်ကျေးမှုတွေ နိမ့်ကျ စိတ်ဓါတ်တွေ အောက်တန်းကျလာခဲ့ပြီ။ ဗုဒ္ဓဘာသာကိုကာကွယ်ဖို့ အစ္စလမ်ဘာသာဝင်တွေကို တိုက်ခိုက်သတဲ့လား။ နောက်ပြီး အစ္စလမ်ဘာသာဝင်တွေဟာ ဧည့်သည်တဲ့လား။ ဒီမြေမှာ မွေးဖွားသူတိုင်းအဖို့ ဒီမြေဟာ အမိမြေပဲ။ ကိုယ်ချစ်ရတဲ့ အမိမြေပဲ။ ဒီမြေမှာ မွေးဖွားသူတိုင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ရမယ်လို့ပြဌာန်းထားပါသလား။ ဗုဒ္ဓဘာသာရဟန်းတွေဟာ မေတ္တာထားတတ်ဖို့ ဟောကြားသတဲ့လား။ အခုတော့ အစ္စလမ်ဘာသာဝင်တွေကို အမုန်းပွားစေဖို့ မဟုတ်မမှန် လုပ်ကြံပြောကြား အမုန်းပွားစေတဲ့ ရဟန်းတွေ ရှိလာခဲ့ပြီ။ ဪ... ဒီတိုင်းပြည်ဟာလေ နိုင်လိုမင်းထက် ပြုမူမှုတွေ၊ မြေနိမ့်ရာလှံစိုက်တာတွေနဲ့ ဒီမိုကရေစီကို တည်ဆောက်မတဲ့လား။