Thursday, June 30, 2011

Specialists

ဒီလ တလလုံး ပို့စ် တစ်ခုမှ မရေးဖြစ်သေးဘူး။ တကယ်က ရေးချင်တဲ့ topic တွေ သုံးလေးခု ရှိနေတယ်။ မရေးဖြစ်တာ။ အဖေနေမကောင်းတာလည်း မရေးဖြစ်တဲ့ အကြောင်းတစ်ရပ်ပါပဲ။ လမကုန်ခင် တစ်ခုလောက်တော့ ဆွဲထုတ်ပြီး ခပ်တိုတိုပဲ ရေးလိုက်မယ်။
ဒီတလော fbမှာ ဆရာဝန်တစ်ချို့ရေးထားကြတာကို နဲနဲ ပြောချင်နေတာ။ တစ်ယောက်က ရေးတာက သူတို့ ဆရာဝန်တွေက နင်းပြားတဲ့၊ လူတွေကပဲ သူတို့ကို အနိုင်ကျင့်နေသယောင် ရေးထားတယ်။ သူပြောသလို မြန်မာပြည်မှာ လူတွေက ဆရာဝန်တွေရဲ့ အမှားကို တရားစွဲတာမျိုးတော့ မကြားဖူးတာ အမှန်ပဲ။ ခိုင်ရွှန်းလဲ့ရည် ကိစ္စကိုလည်း ပြန်အစဖော်ထားသေးတယ်။ ဆရာဝန်ကြီး ၅နှစ် အပိတ်ခံရတာ နစ်နာရတယ်ဆိုတာမျိုး ပြောထားတယ်။
ပြောချင်တာက ဒီက အထူးကု ဆရာဝန်ကြီးတွေကိုပါ။ အားလုံးလို့ သိမ်းကြုံးပြီး မပြောချင်ပေမယ့် “အများစု” လို့တော့ ပြောရမယ်။ သူတိုက လူနာနဲ့ လူနာရှင်ကို အချိန်ပေးပြီး စကား မပြောသလို သေချာ ရှင်းပြချင်စိတ်လည်း မရှိကြဘူး။ သူတို့ဟာသူတို့ ပညာမာန် တက်နေကြတာပါပဲ။ I know everything. I don't need to listen to you. I have no time to talk to you. ဆိုတဲ့သဘောမျိုး ပါပဲ။
ကျနော့် အမ London မှာ ဆေးရုံတက် ခွဲစိတ်မှု ခံယူတုန်းက အကြောင်း ပြောပြချင်တယ်။ အဲ့ဒီတုန်းက ကျနော်က လူနာကိုစောင့်ရှောက်တဲ့ လူနာရှင် ဆိုပေမယ့် ချာတိတ်ပဲ ရှိပါသေးတယ်။ မခွဲခင်ညမှာ ခွဲစိတ်မယ့် ဆရာဝန်ကြီးကိုယ်တိုင်လာပြီး သူတို့ ဘယ်လို ခွဲစိတ်မယ် ဆိုတာ ပုံဆွဲ့ပြီးတော့ သေချာရှင်းပြပါတယ်။ မေးသမျှလည်း သေချာဖြေပါတယ်။ မြန်မာပြည်မှာ အဲ့သလို ဆရာဝန် ရှားပါတယ်။
မန္တလေးက စာရေးဆရာတယောက်က မျက်စိခွဲတာ ဆေးရုံမှာရှိနေတုန်း ခွဲပြီးနောက် နေ့တိုင်း ကောင်းကောင်း မမြင်ရဘူးဆိုတာ ပြောပေမယ့် ဆေးရုံဆင်းမယ့်နေ့မှာ မမြင်ရဘူးပြောတော့ ‘ခင်ဗျား အစက ဘာလို့ မပြောသလဲ’ ဆိုပြီး ပြောပါသတဲ့။ လူနာပြောစကားကို ဂရုမစိုက်တဲ့ ဆရာဝန်ပါ။



No comments:

Post a Comment

Note: Only a member of this blog may post a comment.