(ဟိုက်ဒရိုဂျင်လောင်စာသုံးကားကို ၂၀၁၆တွင် ရောင်းချမည်)
Toyotaက ဟိုက်ဒရိုဂျင်လောင်စာသုံး မောင်းနှင်မယ့် ကားကို ၂၀၁၆ ခုနှစ်မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီကားကို Mirai လို့အမည်ပေးထားပါတယ်။ တစ်ကြိမ်လောင်စာဖြည့်ထားရင် မိုင်၃၀၀ မောင်းနိုင်ပြီး လောင်စာတစ်ကြိမ်ဖြည့်ဖို့ ၅မိနစ်သာကြာပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာသုံး စွမ်းအင်ဟာ လေထုညစ်ညမ်းမှုမရှိစေပဲ ရေခိုးရေငွေ့ကိုသာ ထုတ်လွှတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန် နိုင်ငံမှာ ဟိုက်ဒရိုဂျင် အားဖြည့်စက်တွေ အများအပြားစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ကားဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၉၀၀၀ သတ်မှတ်ထားပါတယ်။

----------------------------
(Skypeကိုinstall မလုပ်ပဲသုံးနိုင်မည်)
Microsoftက Skypeကို web based အဖြစ် မကြာမီ စတင် အသုံးပြုနိုင်တော့မယ်လို့ ကြေငြာပါတယ်။ ဗွီဒီယို နဲ့စကားပြောနိုင်ဖို့ အတွက်ကတော့ browser plugin ထည့်ပေးဖို့ လိုပါတယ်။ စီးပွားရေးနဲ့ အဖွဲ့အစည်းတွေ အတွင်း အသုံးပြဖို့ ထုတ်လုပ်ထားတဲ့ Lyncကိုလည်း Skypeနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း msn messenger (Live messenger) ကို Skypeနဲ့ပဲ အစားထိုးခဲ့ပါတယ်။ Microsoft ဟာ Skype ကိုဒေါ်လာသန်း၈၅၀၀ နဲ့ ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

----------------------------
(ကြယ်တံခွန်ပေါ်ဆင်းသက်သည့် အာကာသယာဉ်)
ဥရောပအာကာသအဖွဲ့အစည်း ESAက လွနိခဲ့တဲ့ ၁၀နှစ်က လွှတ်တင်ထားတဲ့ Rosetta အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်သန်းပေါင်း ၃၁၀ အကွာအဝေးက ကြယ်တံခွန်67P အနီးကို ဩဂုတ်လထဲက ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ရက်မှာတော့ Philae ယာဉ်ငယ်လေးဟာ ပင်မRosetta ယာဉ်ကနေခွဲခွာပြီး ကြယ်တံခွန်ပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ Philae မှာတပ်ဆင်ထားတဲ့ မြေပြင်မှာ ကုတ်တွယ်မယ့် ဆူးချိတ်တွေ အလုပ်မလုပ်လို့ အစပိုင်းမှာ မတည်ငြိမ်ပေမယ့် အခုတော့ တည်တည်ငြိမ်ငြိမ် ရှိကြောင်း သိရပါတယ်။ ကြယ်တံခွန်67P ဟာ အချင်းမိုင်၂.၅ခန့် ကြီးပါတယ်။ Philae မှာတပ်ဆင်ထားတဲ့ ကင်မရာက ကြယ်တံခွန် ရဲ့ပုံတွေကို ပို့ပေးနိုင်ခဲ့ပြီး တပ်ဆင်ထားတဲ့ကိရိယာတွေက သုတေသန ၉ မျိုးပြုလုပ်မှာ ဖြစ်ပါတယ်။

-----------------------------
(နိုဘယ်လ်ဆုရသုတေသန တွက်ချက်မှုမှားခဲ့သလား)
ဥရောပရဲ့ အမှုံသုတေသန အဖွဲ့အစည်း CERN ဟာ မနှစ်က Higgs Bosonအမှုံ ကို ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ပဲ Higgs Boson တုန့်ပြန်ပြုမူပုံဆင်တူတဲ့ အမှုံကို တွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ Southern Denmarkတက္ကသိုလ် ကရူပဗေဒပညာရှင်တွေက သုံးသပ်တွက်သပ်တွက်ချက်ပြီး Physical Review ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။ standard model ကခန့်မှန်းတဲ့ စက်ြာဝဠာ ရဲ့ အား (၄)မျိုး အနက် ဒြပ်ဆွဲအားကို ပြည့်စုံအောင် သက်သေပြနိုင်ဖို့ Higgs Boson ရဲ့ ဖြစ်တည်မှုက အရေးပါနေပါတယ်။ ၂၀၁၃ခုနှစ်က ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို Higgs Boson သုတေသီတွေက ရရှိခဲ့ပါတယ်။

.
------------------------------
(SpaceShipTwoစမ်းသပ်ပျံသန်းစဉ် ပျက်ကျ)
Virgin Galactic ရဲ့ SpaceShipTwo ၃၁ရက်နေ့က စမ်းသပ်ပျံသန်းစဉ် ပျက်ကျသွားပါတယ်။ ယာဉ်မှုးတစ်ဦးသေဆုံးသွားပြီး တစ်ဦးက ပြင်းပြင်းထန်ထန် ဒါဏ်ရာရသွားပါတယ်။ ဘာကြောင့် ပျက်ကျတယ်ဆိုတာ မသိရှိသေးပါ။ ဒီတစ်ကြိမ်က ၃၅ ကြိမ်မြောက် စမ်းသပ် ပျံသန်းမှု ဖြစ်ပါတယ်။ ပင်မယာဉ်ဖြစ်တဲ့ WhiteKnightTwo က SpaceShipTwoကို အမြင့်ပေ ၄၅,၀၀၀ အထိ သယ်ဆောင်လွှတ်တင်ပေးခဲ့အပြီး SpaceShipTwo ရဲ့ ပင်မဒုံးအင်ဂျင်နဲ့ နှစ်မိနစ် လောက်ပျံသန်းအပြီးမှာ ပေါက်ကွဲသွားတယ်လို့ သိရပါတယ်။ Virgin Galactic အာကာသ ခရီးသွားလုပ်ငန်းမှာ SpaceShipTwo နဲ့ လိုက်ပါစီးနင်းဖို့ စာရင်းပေးထားသူ ၅၀၀ ကျော်ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀,၀၀၀ ဖြစ်ပါတယ်။ ပုံမှန် အစီအစဉ်များအရ ၂၀၁၅ နှစ်လည်ပိုင်းမှာ အာကာသခရီးစဉ်တွေစတင်ဖို့ ရည်မှန်းထားပါတယ်။

-----------------------------
(လက်မှာဝတ်ဆင်ရတဲ့ Microsoft Band)
Misrosoftက ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးနိုင်တဲ့ Microsoft Bandကို ထုတ်လုပ်လိုက်ပါတယ်။ ၁၉၉ဒေါ်လာနဲ့ ရောင်းချမယ်လို့ ကြေငြာပါတယ်။ Microsoft Band မှာ အာရုံခံကိရိယာ ၁၀မျိုးပါဝင်ပါတယ်။ နှလုံးခုံနှုန်း၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု။ စိတ်ဖိစီးမှုကို အရေးပြားမှတိုင်းတာခြင်း ကဲ့သို့ လုပ်ဆောင်မှု များစွာ ပါဝင်ပါတယ်။ တိုင်းထာထားတဲ့ အချက်အလက်တွေကို Misrosoft HealthVault မှာ သုံးသပ်ချက်တွေပြုလုပ်နိုင်ပါတယ်။ ဓါတ်အားတစ်ကြိမ် ဖြည့်ထားရင် ၄၈နာရီ အသုံးပြုနိုင်ပါတယ်။ Windows phone, Android phoneနဲ့ Apple-iPhone စတဲ့ ဖုန်းမျိုးစုံနဲ့ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ကြေငြာထားပါတယ်။ Microsoft online store မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

-------------------------------
အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်
အမေရိကန်လေတပ်က လွှတ်တင်ထားတဲ့ X-37B မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ်လေးဟာ ကမ္ဘာပါတ်လမ်းအနိမ့်ပိုင်းမှာ ၆၇၄ရက် ပျံသန်းခဲ့ပြီးတဲ့နောက် ၁၇ရက်နေ့က ကယ်လီဖိုးနီးယား က Vandenberg လေတပ်စခန်းကို ဆင်းသက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က NASA ရဲ့ လွန်းပျံယာဉ်ကြီးများ ထားရှိစဉ်က သုံးခဲ့တဲ့ Orbiter Processing Facility ၁ နဲ့ ၂ ကို အမေရိကန်လေတပ်က X-37B အတွက် လွှဲပြောင်းရယူခဲ့ပါတယ်။ အရွယ်အစားအားဖြင့် ၂၉ပေ ရှည်တဲ့ ဒီလွန်းပျံယာဉ်ငယ်လေးကို ဘယ်လိုအသုံးချဖို့ ရည်ရွယ်တယ်ဆိုတာကို လှို့ဝှက်ထားဆဲပဲ ဖြစ်ပါတယ်။

---------------------------
(ကမ္ဘာ့သံလိုက်စက်ကွင်းပြောင်းပြန်ဖြစ်မည်)
ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းဆိုတာ တောင်-မြောက် ဝင်ရိုး အတိုင်း တည်ရှိတယ်လို့ လူတိုင်းသိထားပြီး ဘယ်သံလိုက်ချောင်းကိုမဆို တောင်ဘက်စွန်း မြောက်ဘက်စွန်းဆိုပြီး ခွဲခြားသတ်မှတ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နှစ် ၁၀၀၀၀ခန့်တိုင်းမှာ ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်း သွားလေ့ရှိပြီး ဒီတစ်ကြိမ် ပြောင်းလဲမှုကတော့ လက်ရှိလူသားတွေရဲ့ သက်တမ်းအတွင်းမှာ တွေ့ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းက နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိနိုင်တဲ့ အလင်းမှုန် တိုက်ခတ်မှုကိုလည်း ကာကွယ်ပေးထားပါတယ်။ အဲ့ဒီအချက်ကို သိသာစေတာကတော့ ဝင်ရိုးစွန်းဒေသတွေမှာ တွေ့မြင်ရတဲ့ aurora အလင်းတန်းတွေ ဖြစ်ပါတယ်။ ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်းနေတဲ့ကာလမှာ သံလိုက်စွန်း နှစ်ခုထက်ပိုမို ဖြစ်ပေါ်လာနိုင်ပြီး အဲ့လိုကာလမှာ ဝင်ရိုးစွန်းမဟုတ်တဲ့ ဒေသတွေမှာ aurora အလင်းတန်းတွေ တွေ့မြင်ရနိုင်ပါတယ်။ နောက်ဆုံးအကြိမ် သံလိုက်ဝင်ရိုး ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ ခန့်က ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ သံလိုက်ဝင်ရိုး ပြောင်းလဲချိန်မှာ သံလိုက်စက်ကွင်း အားလျော့သွားပါတယ်။ အခုလည်း ESA ဂြိုဟ်တုတွေရဲ့တိုင်းတာမှုအရ ကမ္ဘာ့သံလိုက်စက်ကွင်း သိသိသာသာ အားလျော့လာနေတယ်လို့ သိရပါတယ်။

----------------------------
(မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ်)
၁၉၈၉ ခုနှစ်က ရုပ်ရှင် Back to the Future Part II မှာ မြေပြင်နဲ့မထိတဲ့စကိတ်ဘုတ် (hoverboard)ကို စီးပြတာမျိုး ဟာ အခုတော့ လက်ရှိပြင်ပလောကမှာ တစ်ကယ် ဖြစ်နိုင်ပါပြီ။ hoverboardအတွက် အဓိက တီထွင်လိုက်တာကတော့ သံလိုက်တွန်းကန်အား ထုတ်ပေးနိုင်တဲ့ အင်ဂျင်အချပ်ပြားတွေ ဖြစ်ပါတယ်။ hoverboardတစ်ခုမှာ သံလိုက်တွန်းကန်အား စက်ငယ်လေး လေးခု တပ်ဆင်ထားပါတယ်။ သာမန် ဘီးတပ်စကိတ်တွေလို နေရတကာတော့ စီးလို့ မရပါဘူး။ မြေပြင်ပေါ်မှာ သံပြားခင်းထားမှ စီးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ပိုမိုကောင်းမွန်အောင် ကြီုးစားဆဲ ဖြစ်ပြီး ရံပုံငွေ စုစည်းမှုအတွက် Kickstarter ဝဘ်ဆိုက်မှာ ဝယ်ယူအားပေးနိုင်ပါတယ်။ https://www.kickstarter.com/projects/142464853/hendo-hoverboards-worlds-first-real-hoverboard

---------------------------