Tuesday, February 11, 2014

Sci-Tech news of the week

ထိတွေ့ခံစားနိုင်တဲ့ စက်လက်အတု

လွန်ခဲ့တဲ့ ၁၀နှစ်က မတော်တဆ မီးပန်းပေါက်ကွဲမှုကြောင့် ဘယ်လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ Dennis Sorenson ကို ဆွစ်ဇာလန် နိုင်ငံမှ Federal Institute of Technology က သုတေသီတွေက ထိတွေ့ခံစားနိုင်တဲ့ စက်လက်အတု တပ်ဆင်ပေးခဲ့ပါတယ်။ Lifehand 2 လို့ အမည်ပေးထားတဲ့ စက်လက်အတုမှာ ပါဝင်တဲ့ လျှပ်ငုတ်လေးတွေကို လက်မောင်းမှာ ရှိတဲ့ အာရုံကြောနဲ့ ခွဲစိတ် တပ်ဆင်ပေးရတာ ဖြစ်ပါတယ်။ သေချာအောင် မျက်စေ့နဲ့ နားကိုပိတ်ထားပြီး လက်ချောင်းလေးတွေနဲ့ အရာဝထ္ထုတွေကို စမ်းသပ်ကိုင်တွယ်တဲ့အခါ ကိုင်လိုက်တဲ့အရာဟာ လိမ္မောသီးလား၊ ဘေ့စ်ဘောလုံးလား၊ စသည်ဖြင့် ခွဲခြားနိုင်တဲ့အတွက် နှစ်များစွာအကြာမှာ အခုလို သူ့ရဲ့ ဘယ်လက်က နဲ့ ပြန်လည်ခံစားသိရှိနိုင်ပြီလို့ Sorensonက ပြောပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

Samsung ရဲ့ tablet အသစ်နှစ်မျိုး

Samsung ဟာ သာမန်ထက်ကြီးတဲ့ tablet နှစ်မျိုးကို ချစ်သူများနေ့ မတိုင်မီ ရောင်းချဖို့ စီစဉ်နေပါတယ်။ Galaxy Note Pro နဲ့ Tab Pro ဖြစ်ပါတယ်။ Note Pro အသစ်ဟာ ၁၂.၂ လက်မ အရွယ်ရှိပြီး သိုလှောင်နိုင်စွမ်း ၆၄GB နဲ့ဆိုရင် ဒေါ်လာ ၈၅၀ ဖြစ်ပြီး ၃၂GB ဆိုရင် ဒေါ်လာ၇၅၀ ဖြစ်ပါတယ်။ Tab Pro ကတော့ အရွယ်အစားတူပေမယ့် S Pen stylus ကလောင်တံ မပါပါဘူး။ screen အရည်အသွေး 2,560 x 1,600 pixels ရှိပြီး 3GB of RAM ပါဝင်မှာ ဖြစ်ပြီး ဆက်သွယ်မှု အတွက် Wi-Fi + LTE နှစ်မျိုး ပါဝင်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

CERN က ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည်

ဥရောပ ရူပဗေဒ ဓါတ်ခွဲခန်း CERN တာဝန်ရှိသူများက ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည် လို့ ပြီးခဲ့တဲ့ အပါတ် ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ CERN ရဲ့ လက်ရှိကမ္ဘာ့အကြီးဆုံး Large Hadron Collider (LHC) ကို ပြင်သစ်−ဆွစ်ဇာလန် နယ်စပ်မှာ တည်ဆောက်ထားပြီး လှိုင်ခေါင်း အရှည် ၁၇မိုင်ရှည်လျှားတဲ့ စက်ဝန်းပုံ အရှိန်မြှင့် အမှုန်တိုက်ခိုက်စက် မှာ ပြီးခဲ့တဲ့ နှစ်က ပရိုတွန်အမှုန်တွေကို အလင်းအလျင်နီးပါးနဲ့ တိုက်ခိုက်စေပြီး Higgs boson အမှုန်ကို ခွဲထုတ် ပြသနိုင်ခဲ့ပြီး နှစ်ကာလကြာရှိခဲ့တဲ့ သီအိုရီကို သက်သေပြနိုင်ခဲ့ပါတယ်။ အခု ထပ်မံတည်ဆောက်မယ့် အမှုန် အရှိန်မြှင့်စက် ကိုတော့ Future Circular Collider (FCC) လို့ အမည်ပေးထားပြီး ဥမင်လှိုင်ခေါင်း အရှည် မိုင် ၆၀ခန့် ရှိနိုင်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

နေနှစ်စင်းကို လှည့်ပတ်နေသောဂြိုဟ်

Kepler-413b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကြယ်သိမ်နှစ်စင်းကို (နေနှစ်စင်းကို) လှည့်ပါတ်နေတဲ့အတွက် အဲ့ဒီဂြိဟ်ပေါ်ကနေ ကြည့်ရင် ကောင်းကင်မှာ နေနှစ်စင်း လင်းနေမှာ ဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၂၃၀၀ ဝေးတဲ့ ဂြိုဟ်ဟာ Cygnus ကြယ်စုမှာတည်ရှိပြီး လှည့်ပါတ်နေတဲ့ လမ်းကြောင်းဟာ နေနှစ်စင်းနဲ့ နီးလွန်းတာကြောင့် အပူချိန် အလွန် မြင့်မားနိုင်ပါတယ်။ ထူးခြားချက်ကတော့ ဂြိုဟ်ပါတ်လမ်းဟာ တည်ငြိမ်မှုမရှိပဲ ယမ်းခါနေတဲ့ မူမမှန်တဲ့ ပုံစံနဲ့ လှည့်ပါတ်နေတာကတော့ နေနှစ်စင်းရဲ့ ဒြပ်ဆွဲအားကြောင့် ဖြစ်ပါတယ်။

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို ရောင်းချ

လက်ကိုင်ဖုန်း၊ တီဗွီ နဲ့ playstation တို့ကို ပိုမို အာရုံစိုက် ထုတ်လုပ်သွားနိုင်ဖို့ ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို အခြား ဂျပန်လုပ်ငန်းရှင်များကို ရောင်းချလိုက်သည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−



No comments:

Post a Comment

Note: Only a member of this blog may post a comment.