Saturday, May 24, 2014

Sci Tech news 12 May and 22 May 2014

အလင်းမှုန်မှ ဒြပ်မှုံသို့ ပြောင်းနိုင်မည်။
---------------------------------------------
လွန်ခဲ့တဲ့ အနှစ် ၈၀ခန့်က Breit နဲ့ Wheeler တို့ရဲ့ သီအိုရီ အဆိုအရ အလင်းမှုန်တွေကနေ ဒြပ်မှုန်အဖြစ် ပြောင်းလဲနိုင်တယ် လို့ဆိုပါတယ်။ အရင်ကတော့ အီလက်ထရွန် အမှုန်နဲ့ ဆန့်ကျင်ဒြပ်ဘက် ဖြစ်တဲ့ positron တွေ အချင်းချင်း ခြေဖျက်တဲ့အခါမှာ အလင်းမှုန် နှစ်ခု ရရှိတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အခုဟာကတော့ ဆန်ကျင်ဘက် အခြေအနေ ဖြစ်ပါတယ်။ Imperial College London က Prof Steven Rose ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ Breit နဲ့ Wheeler တို့ရဲ့ သီအိုရီကို သင်္ချာ ပုံစံတူ တစ်ခု အောင်မြင်စွာ တွက်ချက် ပြုလုပ် နိုင်ခဲ့ပါတယ်။ လက်တွေ့ ပြုလုပ်နိုင်ဖို့ကတော့ အမှုန်အရှိန်မြှင့်စက် တစ်မျိုး တည်ဆောက်ဖို့ လိုပါတယ်။ ရွှေနဲ့ပြုလုပ်ထားတဲ့ ထုလုံးရှည်ထဲကို ဂမ်မာအလင်းတန်းနဲ့ လေဆာနဲ့ ရွှေကို ပစ်ခတ်ရာက ထွက်ပေါ်တဲ့ အလင်းတန်းတို့ တိုက်မိရာကနေ electron နဲ့ positron ရရှိရမှာ ဖြစ်ပါတယ်။

  

သက်ရှိအသစ်
−−−−−−−−−−−−
The Scripps Research Institute က Romesberg ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ E. coli မှာ DNA အတု ထပ်မံပေါင်းထည့်ပြီး နောက်မှာ DNA အသစ်ရဲ့ သဘာဝ အတိုင်း ပွားများလာနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ အဖွဲ့ရဲ့ အဓိက သုတေသနကတော့ nanotechnology နဲ့ DNA computing အတွက် အသုံးချ သုတေသန ဖြစ်ပါတယ်။

 
 ------------------------
အာကာသကနေ ကမ္ဘာကို ကြည့်နိုင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယို
−−−−−−−−−−−−−−−−−−−−−−−
ပြီးခဲ့တဲ့ အပတ်ထဲက NASA က Ustream လို့ အမည်ပေးထားတဲ့ ဝဘ်ဆိုက်တစ်ခုကို စတင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ တပ်ဆင်ထားတဲ့ အရည်အသွေးမြင့် ကင်မရာတွေက ပို့လွှတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယိုကို ဒီဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အာကာသကနေ ကမ္ဘာမြေကို သင်ကိုယ်တိုင် စောင့်ကြည့်ရသလို ခံစားရမှာ ဖြစ်ပါတယ်။ ဝဘ်ဆိုက် လိပ်စာကတော့ http://www.ustream.tv/channel/iss-hdev-payload/theater ဖြစ်ပါတယ်။

  
 -------------------
ဒြပ်စင်အမှတ် ၁၁၇
−−−−−−−−−−−−
ဂျာမဏီနိုင်ငံ GSI Helmholtz Centre for Heavy Ion Research မှာ နိုင်ငံတကာက သုတေသီတွေ အဖွဲ့ဟာ ဒြပ်စင်အမှတ် ၁၁၇ကို တွေ့ရှိခဲ့ကြပါတယ်။ ဒြပ်ထု အလေးဆုံးဖြစ်ပြီး ရေဒီယို သတ္တိကြွ ဓါတ်ပြိုကွဲမှု နှေးကွေးတဲ့ ဒီ ဒြပ်စင်တည်ရှိမှုကို ခန့်မှန်းထားတာကြာပြီ ဖြစ်ပြီး Ununseptium လို့ အမည်ပေးထားပါတယ်။ berkelium အိုင်ဆိုတုပ် ၂၄၉ ကို ကယ်လ်ဆီယမ် ၄၈ အက်တမ် တွေနဲ့ အမှုန် အရှိန်ပေးစက်ထဲမှာ ပစ်ခတ်တဲ့အခါ ညူကလီယ ပေါင်းစည်းမှု ဖြစ်ပေါ်ပြီး ဒြပ်စင် ၁၁၇ ရှိတဲ့ အက်တမ် နှစ်လုံး ရရှိပါတယ်။ ဒါ့အပြင် Ununseptium အလ်ဖါပြိုကွဲမှု တွေကနေ တစ်ဆင့် lawrencium အိုင်ဆိုတုပ်၂၆၆ ကိုလည်း အသစ်ရှာဖွေ တွေ့ရှိခဲ့ကြပါသေးတယ်။


 
 --------------------------
စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စက်လက်အတု
−−−−−−−−−−−−−−−−−−−−−−−
Segway လို့ခေါ်တဲ့ နှစ်ဘီးတပ် ယာဉ်ငယ်လေးတွေ တီထွင်ခဲ့တဲ့ iRobot ကုမ္ပဏီက စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စက်လက်အတုကို တီထွင်လိုက်ပြီး အမေရိကန် FDA ရဲ့ ခွင့်ပြုချက်လည်း ရရှိသွားပြီ ဖြစ်ပါတယ်။ DEKA Arm လို့ ခေါ်ဆိုတဲ့ စက်လက်အတုကို Star Wars ရုပ်ရှင်ထဲက Luke Skywalkerရဲ့ စက်လက်အတုကို အစွဲပြုပြီး Luke arm လို့လည်း ခေါ်ဆိုကြပါတယ်။ ဒီလက်အတုကို ထန်းချုပ်တဲ့ အီလက်ထရေနစ် အပိုင်းနဲ့ ခန္ဓာကိုယ် ကို electromyogram လျှပ်ငုတ်တွေနဲ့ ဆက်သွယ်ထား ခြင်းအားဖြင့် အာရုံကြောရဲ့ ညွန်ကြားမှုကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ စမ်းသပ်ပြသမှု ဗွီဒီယိုကို https://www.youtube.com/watch?v=wIvyiM5nFb0 မှာ ကြည့်ရှုနိုင်ပါတယ်။

  
 -----------------------------
----------------------------
Toyota က လျပ်စစ်ကား နည်းပညာ ပြောင်းမည်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Tesla နဲ့ နည်းပညာ ပိုင်းမှာ လက်တွဲ လုပ်ဆောင်နေတဲ့ Toyota က လက်ရှိ Tesla ရဲ့ နည်းပညာအစား ဟိုက်ဒရိုဂျင် လောင်စာ နည်းပညာကို ပြောင်းလဲ မယ်လို့ ကြေငြာလိုက်ပါတယ်။ Tesla ရဲ့နည်းပညာကတော့ လျှပ်စစ်ကို ဘက်ထရီထဲမှာ အားသွင်းပြီး မောင်းနှင်မှာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာကတော့ အားသွင်းစရာမလိုပဲ လေထုညစ်ညမ်းမှုလည်း မဖြစ်တဲ့ လျှပ်စစ် နည်းပညာ ဖြစ်ပါတယ်။



 ---------------------------
ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သော အကြီးဆုံး သတ္တဝါ
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
အာဂျစ်တီးနားနိုင်ငံ Patagonia ဒေသမှာ ကမ္ဘာ့ အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းတစ်ခုကို ရေးဟောင်းသုတေသီတွေ ရှာတွေ့ခဲ့ကြပါတယ်။ နှစ်သန်း ၁၀၀ လောက်သက်တမ်းရှိနိုင်ပြီး အသီးအရွက်စား သတ္တဝါ ဖြစ်ပါတယ်။ အသက်ရှင်စဉ်က ခန္ဓာကိုယ် အလေးချိန် တန် ၈၀ လောက်ရှိနိုင်ပြီး ဦးခေါင်းကနေ အမြီးထိ အရှည် ပေ ၁၃၀ လောက်ရှည်နိုင်တာကြောင့် ကမ္ဘာမှာ တွေ့ဖူးသမျှ သတ္တဝါ ရုပ်ကြွင်း ထဲမှာ အကြီးဆုံးပဲ ဖြစ်ပါတယ်။

  
 -------------------
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.