Sunday, November 12, 2006

ရောက်တတ်ရာရာ

အမြဲတမ်းလိုပဲ မblog ဖြစ်တာကိုပဲ အကြောင်းပြချက်လေးနဲ့ မစချင်တော့ပါဘူး။ မဂ္ဂဇင်က လစဉ်ပင်တိုင် စာရေးဆရာတွေဆို အယ်ဒီတာချုပ်က စာမူတောင်းလှပြီ သူကစာမရေးရသေးဘူး ဆိုတာမျိုးနဲ့ စလေ့ရှိပြီး အဲ့ဒါလေးကိုရေးတာပဲ တစ်မျက်နှာလောက်ရှိတယ်။ ကျွန်တော့်ကိုတော့ ဘယ်အယ်ဒီတာကမှ စာမူမတောင်းပါဘူး။ ကိုယ့်ဟာကိုယ် အငြိမ်မနေနိုင်လို့ ရေးနေတာကိုး။ အငြိမ်မနေနိုင်လို့ရေးတယ် ဆိုပေမယ့် ကိုယ်ရေးတာလေး ဖယ်မယ့် ပရိသတ်တော့ ရှိမှကြိုက်တာပါ။ ပရိသတ်ကလည်း ကျွန်တော် ပုံမှန် update မလုပ်ရင် မလာကြတော့ဘူးပေါ့။ ထားပါတော့လေ။ အဲဒါ အဲ့သလိုမျိုး။

ဒီနေ့တော့ ရောက်တတ်ရာရာပဲ ဟိုရောက် ဒီရောက် ပြောကြတာပေါ့။

ဟိုအဖွဲ့ကို သိကြလား။ စီးရီးတစ်ခွေ စထုတ်တဲ့ ဟိုအဖွဲ့ကို ပြောတာပါ။ အူကြောင်ကြောင်တွေ ပြောနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကြောင်တာ ကျွန်တော် မဟုတ်ပါဘူး... သီချင်းဆိုတဲ့ အဖွဲ့ရဲ့ နာမည်က "ဟိုအဖွဲ့" ပါတဲ့။ နာမည်မှည့်စရာပဲ တော်တော် ရှားကြလား မသိပါဘူး။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ် လို့ပဲ ပြောချင်ပါတော့တယ်။

ဒီမှာဗျာ... "မီးသတ်" လို့ခေါ်တဲ့ သတ္တ၀ါတွေ ရှိတယ်။ ဒီနေ့အိမ်လာပြီးတော့ ပြောတယ်... 11am နောက်ပိုင်း အိမ်မှာ ဟင်းမချက်ရပါဘူးတဲ့။ အရပ်ကတို့ရေ ဘယ် ချိန်းဘရီး နဲ့ဒီလိုrule ထုတ်ထားကြတာလဲ။ ဒါနဲ့ မပြီးသေးပါဘူး။ ချက်ချင်ရင်တဲ့ သုံးလကို နှစ်ထောင်နှုံးနဲ့၊ တစ်နှစ်စာ ရှစ်ထောင် ပေးပါတဲ့၊ သူတို့ လာမစစ်ပါဘူးတဲ့။ အံ့ရောဗျာ။ အဲ့သလိုမျိုး တစ်နှစ် တစ်ခါလောက် တောင်းနေကျတဲ့။ ဒီနေ့ ကျွန်တော့် အမေကတော့ သုံးလစာပဲယူပါ ဘာညာနဲ့ ဈေးဆစ်ပြီး ပေးလိုက်ရပါတယ်။

ဟိုရက်ပိုင်းက သတင်းတွေအရ Saddam Hussein လည်း ကြိုးမိန့် ကျသွားပါပြီ။ ဒီလို အာဏာရှင် တစ်ယောက် ကျဆုံးတာကို ကျွန်တော်ကတော့ ၀မ်းသာပါတယ်။ အာဏာရှင် သန်းရွှေရဲ့ မြန်မာနိုင်ငံကတော့ စုတ်ပြတ်နေပါပြီ။ လာဘ်အစားဆုံး၊ သစ်ခုတ်အများဆုံး၊ သတင်းစာ လွတ်လပ်မှု အနဲဆုံး၊ ဘာသာရေး လွတ်လပ်မှု အနဲဆုံး၊ အင်တာနက်ရဲ့ ရန်သူ၊ အဓ္ဓမခိုင်းစေမှု အများဆုံး... စသည် စသည် စံချိန်တွေလည်း ချိုးပြီးနေပါပြီ။

ဟိုအရင်တုန်းကဆိုရင် ADSL နဲ့မို့ အင်တာနက်ဆိုတာ ကိုယ့်စားပွဲပေါ်မှာပဲလေ။ အခုဒီမှာက အင်တာနက်ကို ချောင်းကြည့်ရသလို ဖြစ်နေတယ်။ အရင်က နေ့တိုင်း မသွားရ မနေနိုင်တဲ့ Slashdot တို့ GoogleNews တို့ အခြား tech blog တွေတို့ ပုံမှန် မသွားနိုင်တော့။ seinmyoutmyout  ပြောတဲ့ Popurls များသွားလိုက်မိရင် သွားရေကျစရာ link တွေအများကြီး။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေရဲ့ blog တွေကို အလှည့်ကျ ဖတ်ပါတယ်။ comment တွေတော့ သိပ်မရေးခဲ့နိုင်တော့ဘူး။ email တွေလည်း သိပ်မရေးခဲ့နိုင်တော့ဘူး။ နားလည်ပေးကြလိမ့်မယ်လို့မျှော်လင့်လျှက်...


1 comment:

  1. ခုမှပဲ ကြားဖူးတော့တယ်။ မီးကြောက်လို့လား...ဆောင်းဝင်ပြီပဲဟာကိုနော်.
    ဒါနဲ့ ဟို ပလော့ဂ် ကော်ပီကူးတဲ့ ကိစ ပြီးပြီလား

    ReplyDelete

Note: Only a member of this blog may post a comment.