Tuesday, November 02, 2010

Ho Ho D D

ရောက်တတ်ရာရာ ပြောချင်တာလေးတွေ ရှိတယ်။ ပထမဆုံး ပြောချင်တာက အလံကိစ္စ။ facebook မှာတော့ လူတကာက အလံပြောင်းတာကို ပြောကြ ဆိုကြတယ်။ နအဖက ဒီ့ထက်ဆိုးရွားတာတွေ လုပ်လာတာ ဘာမှ ဒီလောက် မပြောခဲ့ကြပဲ ဒီအလံပြောင်းတာကိုမှ ဒီလောက်ပြောကြတာကို နားမလည်နိုင်ဘူး။ ဥပမာ - ၈၈ကျောင်းသားတွေကို ထောင်၆၅နှစ် ချတုန်းက လူတွေ ဒီလောက်တောင် မပြောခဲ့ကြဘူး။ ကျွန်တော့် အနေနဲ့ကတော့ ဒီအလံပြောင်းမှာဆိုတာ ဟိုးအရင်ကတည်းက သိနေတာပဲ။ သူတို့ အခြေခံဥပဒေမှာ ထည့်ထားတာပဲ။ ဆိုးရွားတဲ့ အခြေခံဥပဒေ ကိုကြတော့ ဒီလောက် မကန့်ကွက်ခဲ့ကြပဲနဲ့။



ပြောစရာဆိုလို့ အလံပြောင်းတာတောင် ယတြာအရပြောင်းတယ်ဆိုတာပဲ။ ၂၁ရက် ၃နာရီ မှာ အင်္ဂါသားက အလံချ၊ မီးရှို့ မြေမြုတ်၊ ဗုဒဟူးသားက အလံတင် ဆိုတာကို အရှက်မရှိတဲ့ "နိုင်ငံတော်" ဆိုသူတွေက လုပ်တာကိုပါပဲ။ (နအဖက သူတို့ကိုသူတို့ နိုင်ငံတော်လို့ ခေါ်သဗျ။) အလံဟောင်းကိုတော့ ကျွန်တော့် အနေနဲ့ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး။ ၈၈ တုန်းကဆိုလည်း မဆလအလံကို ဘယ်သူမှ မလိုလားကြလို့ ကြယ်၅ပွင့်နဲ့ အလံကို လွှင့်ခဲ့ကြတယ်။ မဆလ အလံက စပါးနှံတွေ ဘာတွေရော။ စပါးဘယ်နှစေ့ ပါလည်း မသိဘူး။ မသိတဲ့သူပဲများပါတယ်။ ထားပါတော့။ ဘာမှမကောင်းဘူး စိတ်ပျက်တယ်။



နောက်တစ်ခုက ရွေးကောက်ပွဲ။ ပြည်သူလူထုအတွက်ကတော့ dilemmaပဲ။ မဲထည့်ထည့် မထည့်ထည့် စစ်ကျွန်ဖြစ်မှာပဲ။ ဒီမိုကရေစီ ဘက်သားပါတီ လို့ဆိုတာတွေကလည်း ဘာမှ အားကိုးစရာ မရှိဘူး။ NDF ဆို - ခမေါက်ဟာ NLD ရဲ့ တံဆိတ်မဟုတ်ဘူး လို့လည်း ညာတယ်။ DASSK ဟာသူတို့ ခေါင်းဆောင် လို့လည်း ညာတယ်။



ဒီရက်ပိုင်း fb မှာ လူတော်တော်များများက ပြည်ပ နိုင်ငံရေးလှုပ်ရှားသူတွေကို မကောင်းမြင်တာ များလာကြတယ်။ ကျွန်တော်လည်း ပြည်တွင်းမှာနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် ပြည်ပက အဖွဲ့တွေ တတ်နိုင်သလောက် ဘယ်အတိုင်းအတာထိ လုပ်နိုင် လုပ်နိုင် ကောင်းတယ်လို့မြင်တယ်။ ဒီအဖွဲ့တွေထဲမှာ ကိုယ်ကြိုးရှာ အကြံအဖန်သမားလည်း နဲနဲတော့ ရှိချင် ရှိမှာပဲပေါ့။ သိပါတယ်။ (ကျွန်တော် London သွားတုန်းကကြုံဖူးတယ်- တစ်ချို့တွေ ဆန္ဒပြပွဲရှိရင် ပုံမှန်သွားတယ်။ asylum approve ဖြစ်အောင်လို့ပါတဲ့။ ) အဲတော့ ဒီလို ငါးခုံးမတချို့ကြောင့် တစ်လှေလုံး အပုတ်ချည့်ပဲလို့တော့ မပြောသင့်ဘူး။ ကျွန်တော်က ပြည်ပကလူတွေကို ကာကွယ်ပြီး ငြင်းတော့ ကျွန်တော့်ကိုပါ ပြည်ပကလို့ ထင်ကြတယ်။ လူတွေ လူတွေ ... နအဖ ၀ါဒမှိုင်းတွေ မိနေသလားမသိဘူး။



တချို့တွေက --- နအဖရဲ့ နိုင်ငံ့စီပွားရေးကို ချုပ်ကိုင်နေတာ။ Gas တွေရောင်း။ သစ်တွေ ခုတ်ရောင်း။ သဘာဝပါတ်ဝန်းကျင်ကို ဖျက်ဆီး။ ရတဲ့ဝင်ငွေကို စစ်အသုံးစရိတ်နဲ့ ကိုယ့်ပိုင်ဝင်ငွေအဖြစ်သုံးပစ်တာ။ လျှပ်စစ်မီး လုံလောက်အောင် မပေးတာ။ ပြည်သူလူထု ကျန်းမာရေး။ ပညာရေးအတွက် ဘာမှ မလုပ်ပဲ စုတ်ပြတ်သတ်နေအောင် ထားတာ။ နိုင်ငံ တိုးတက်အောင် ဘာမှမလုပ်တာ။ နိုင်ငံ့ စီးပွားရေးကို သူတို့ လူတစ်သိုက်ပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာ ... စတာ စတာတွေကို မမြင်နိုင်ကြဘူး။ နွားခြေရာခွက်ထဲက ဖားသူငယ်တွေလိုပဲ ပြောဆိုနေကြတယ်။ သူတို့ ဆိုလိုတာက နိုင်ငံ့အရေး လှုပ်ရှားသူတွေကပဲ နိုင်ငံကြီး မတိုးတက်အောင် ကဖျက်ကရက် လုပ်နေသယောင် ပြောနေကြတယ်။ နအဖ ၀ါဒမှိုင်းတွေ မိနေသလားမသိဘူး။ ၀မ်းနည်းဖို့ ကောင်းတယ်။ နိုင်ငံ့အရေး လုပ်လို့ နှစ်ရှည်ထောင်ကျ ခံနေရသူတွေ၊ စစ်ကြောရေးမှာ အနှိပ်စက်ခံရသူတွေ၊ အသက်ပေးသွား သူတွေဟာ ပြည်သူလူထု တစ်ရပ်လုံး အတွက် ပေးဆပ်နေကြတယ် ဆိုတာ နားမလည်ကြတာလား။ တကယ် ၀မ်းနည်းဖို့ ကောင်းတယ်။



နောက်တစ်ခု ၀မ်းနည်းဖို့ ကောင်းတာက မြန်မာနိုင်ငံမှာ ဘာသာရေး အမြင်ကျဉ်းမြောင်းသူ တော်တော်များနေတာပါပဲ။ ဟိုတလောက ဝေနှင်းပွင့်သုန် အကြောင်း ပြောကြဆိုကြတော့။ ဝေနှင်းပွင့်သုန် ဟာ အစ္စလမ် ဘာသာဝင်မို့လို့ ဆိုပြီး ဆိုးဆိုးရွားရွား ပြောလာကြတယ်။ ဒီနေရာမှာ ပြည်တွင်းနေသူတွေထဲမှာ ဘာသာရေး အမြင်ကျဉ်းမြောင်းသူများပြီး၊ ပြည်ပမှာနေသူတွေက အမြင်ကျယ်တာ၊ မျှတမှုရှိတာကို တွေ့ရတယ်။ ဟိုတခါက RFA မှာ ဆောင်းပါးတစ်ပုတ် နားထောင်ဖူးတာလေး ပြောရရင် ... အာဏာရှင် အစိုးရတွေဟာ ပြည်သူတွေကို ဘာသာခြား မုန်းတီးတဲ့စိတ် နိုင်ငံခြားသား မုန်းတီးတဲ့စိတ် သွတ်သွင်းပြီး အစွန်းရောက် အမျိုးသားရေး ၀ါဒကို ရိုက်သွင်းထားလေ့ ရှိတယ်ဆိုတာပါပဲ။ နအဖဆိုလည်း နိုင်ငံရေး အာရုံပြောင်းဖို့ လိုအပ်ရင် ကုလားဗမာ အဓိကရုဏ်း ဖြစ်အောင် ဖန်တီးတာ သူတို့ လက်သုံးပါပဲ။ အဲ့ဒါပါပဲ။ နိုင်ငံကို ချစ်တတ်တာနဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကို ခွဲခြားတတ်ကြပါစေ။




related posts:

Against the Army (II)  http://dathana.byethost3.com/2010/07/against-the-army-ii-zg1/
Against the Army (I)   http://dathana.byethost3.com/2010/06/against-the-army-i-z/

No comments:

Post a Comment

Note: Only a member of this blog may post a comment.