Monday, July 30, 2007

ရောက်တတ်ရာရာ

ဒီရက်ပိုင်း ရေးစရာတွေ အများကြီး ရှိပေမယ့် computer ရှေ့ သိပ်ထိုင်ခွင့်မရဘူး။ လူကြီးတွေက ကျွန်တော့်ကို အကျိုးမရှိတာတွေ လုပ်နေတယ် ဆိုပြီး ပြဿနာ ရှာနေလို့။ ဒါတောင် blog ရေးတာ သိသေးတာ မဟုတ်ဘူး။ ပြောမရဆိုမရနဲ့။ လုံးဝ မငြိမ်းချမ်းဘူး။ ကျွန်တော့်မှာ ဒီ blog လေးအဖေါ်လုပ်နေရတာ။ မရေးရလို့မဖြစ်ဘူးလေ။
ဒီနေ့ တော့ ခပ်တိုတိုချုံ့ပြီး ရောက်တတ်ရာရာလေးတွေပဲ ရေးတော့မယ်။

ကြက်ဆူ
မပြောတော့ဘူးလို့ နေနေတာ။ ကြက်သရေတုံးတာ လွန်လွန်လာတယ်။ ကြက်ဆူစိုက်ကြတာတဲ့ဗျာ အရှက်မရှိ ဒီစစ်ကောင်တွေ။ တခမ်းတနား စင်မြင့်ကြီးတွေဆောက် မိန့်ခွန်းကပြောသေးတယ်။ ပြီးရင်  အတင်းအကြပ် ခေါ်ထားတဲ့လူတွေကို တစ်ကြွင်းတစ်ယောက် မိုးရွာထဲမှာ ရပ်နေခိုင်းထားသေးတယ်။ အဲ့သလို ကြက်ဆူစိုက်ပွဲတွေ နေ့တိုင်းကျင်းပကြလေတယ်။ ဗေဒင်ဆရာ ခိုင်းတာကို ဒီအာဏာပိုင်လူတန်းစားတွေ ကုန်းလုပ်နေတာ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကြောက်လို့ပဲပေါ့ခင်ဗျာ။

စစ်သတင်းစာသို့ feedback
စစ်အစိုးရ သတင်းစာတွေမှာ ဟိုတစ်ပတ်က အကြံပြုချက်တောင်းခံတာ ဆိုပြီး စာရွက်လေးတွေပါလာတယ်။ သတင်းတို့၊ ဆောင်းပါးတို့၊ ခေါင်းကြီးတို့နဲ့ ပါတ်သတ်ပြီး အကြံပြုချက် တောင်းခံတာတဲ့။ အမှန်တွေ ရေးရမှာလား။ အမည် မှတ်ပုံတင်တွေလည်း ဖြည့်ခိုင်းသေးတယ်။ သူတိုက ရေးတာ ကောင်းရင် ဆုတွေပေးမယ် ဆိုပဲ (ဖားရေးတာ ကောင်းရင်)။ ပထမ ၃သိန်း။ ဒုတိယ ၂သိန်း။ တတိယ ၃သိန်းတဲ့။ ရေးရမယ်ဆိုရင် သတင်းကတော့ ဘာမှအကျိုးမရှိတဲ့ စစ်ကောင်တွေ အကြောင်း။ ဆောင်းပါးကတော့ သူခိုးကလူလူဟစ် အလိမ်အညာတွေကို အရှက်မရှိ အောက်တန်းအကျဆုံး ရေးထားတာတွေ။ အဲလိုမျိုး အမှန်တွေရေးလို့ရမလား။

တရုတ်နိုင်ငံရဲ့ အိမ်မွေးသန်းရွှေ
ဒီစစ်TVတွေရဲ့ အကျင့်က သတင်းလွှင့်ရင် သူတို့ထဲက အကောင် အကြီးဆုံး အကောင်ကို အရင်ပြတယ်လေ။ ဘာက အရေးပါတဲ့ သတင်းလဲဆိုတာ နားမလည်တဲ့ TVတွေ။ ဘယ်သူကမှမကြည့်ဘူး။ အခုပြောချင်တာက နိုင်ငံခြား သတင်း။ သူတို့ထုံးစံ အတိုင်း ပြတာပေါ့။ တရုတ်တွေရဲ့ သတင်းကို အရင်ပြရတာ။ ဝမ်ကြားပေါင်တို့ ဘာကောင် ညာကောင်တို့၊ နိုင်ငံတကာရဲ့ သတင်းတွေမှာ ဘာမှ အရေးမပါတဲ့ဟာတွေ။ တရုတ်နိုင်ငံရဲ့ အိမ်မွေးသန်းရွှေ ရဲ့ ကျေးဇူးနဲ့ ကြာရင် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ပြည်နယ်ဖြစ်လာလိမ့်မယ်။
myanmar, ho-ho-d-d

1 comment:

Note: Only a member of this blog may post a comment.