Sunday, October 29, 2006

weekend poetry III

နိုင်ငံ့အရေးအတွက် လှုပ်ရှားသူ၊ သူတို့
စစ်အာဏာရှင် ရဲ့ ကျည်ဆန်တွေကြောင့် ကျဆုံးခဲ့ကြတယ်။
ပြည်သူလူထုကို မထိအောင်
ရင်ဖွင့်ပြီး ကာခဲ့ကြလို့။

သူတို့
အကျဉ်းထောင်ထဲမှာ တိုက်ပိတ်ခံခဲ့ကြရတယ်။
ပြည်သူလူထုကို ဖိနှိပ်တဲ့ စစ်အာဏာရှင်ကို
ဆန့်ကျင်ခဲ့ကြလို့။

သူတို့
အမြဲစောင့်ကြည့်ခံ၊ တားဆီးနှောင့်ယှက် ခံခဲ့ကြရတယ်။
ပြည်သူလူထု လွတ်လပ်ရေးအတွက်
တော်လှန်ခဲ့ကြလို့။

သူတို့
ဘ၀ဆုံးတဲ့ထိ အကျဉ်းကျခဲ့ကြတယ်။
မျိုးဆက်သစ်ဟာ လွတ်လပ်မှုတေးသွားကို ကျူးရင့်နိုင်ဖို့
လှုပ်ရှားကြိုးပမ်းခဲ့ကြလို့။

သူတို့
ဒီလိုပေးဆပ်ခဲ့ကြတယ်။
ပြည်သူလူထု အတွက် ပေးဆပ်ခဲ့ကြတယ်။
မျိုးဆက်သစ် အတွက် ပေးဆပ်ခဲ့ကြတယ်။

အို...ပြည်သူတို့
သင်တို့
စစ်အာဏာရှင်တိုက်လိုက်တဲ့
မိုးခါးရေတွေကို ပျော်ပျော်ကြီး သောက်နေကြဆဲလား။

အို...ပြည်သူတို့
သင်တို့
စစ်အာဏာရှင်ကိုတော်လှန်ဖို့
တာဝန်မရှိဘူးလို့ ရှောင်နေဦးမှာလား။
ဒီနိုင်ငံရဲ့ အနာဂါတ်အတွက်
တာဝန်မရှိဘူးလို့ ပြောနေဦးမှာလား။
အုပ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်စေ
တော်လှန်ကြလော့၊ ဆန့်ကျင်လော့။


3 comments:

Note: Only a member of this blog may post a comment.